Home
မြန်မာသတင်း
မင်းတပ် အရှေ့ပြင်မီးသတ်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ
DVB
·
May 23, 2022
CDF-Min Dat

ချင်းပြည်နယ် မင်းတပ်မြို့ အရှေ့ပြင်မီးသတ်ကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေ ၂၂ ရက် ည ၁၀ နာရီလောက်မှာ CDF-မင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ CDF-မင်းတပ်ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ နာရီဝက်လောက်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး CDF-မင်းတပ်က ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီဘက်ကနေ စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ ကြိုးစားတဲ့ အနေထားမျိုးတွေရှိတယ်။ ကျောင်းတွေပြန်ဖွင့်လာရင် ဒီထက်ပိုဆိုးသွားမယ်။ ကျနော်တို့က လုံးဝလက်မခံနိုင်ဘူး။ စစ်ကောင်စီရဲ့ ယန္တရား လည်ပတ်တာကိုလည်း လက်မခံနိုင်ဘူး။ ဒါကြောင့်မို့ သတိပေးတဲ့ အနေနဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲ ဖြစ်တယ်” လို့ ဆလိုင်းဟာအွမ်က ပြောပါတယ်။

Non CDM ဆရာ၊ဆရာမတွေကို အရင်ကတော့ ဖမ်းဆီးထိန်းသိမ်းတာတွေ မလုပ်ခဲ့ပေမဲ့ စစ်ကောင်စီအလိုကျ စာသင်ကျောင်းတွေ ပြန်ဖွင့်တဲ့အထိ လုပ်လာရင်တော့ ပြင်းပြင်းထန်ထန် အရေးယူ သွားမယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

မင်းတပ်မြို့နယ်ထဲမှာရှိတဲ့ လူငယ်တွေရဲ့ ပညာသင်ကြားရေးအတွက်ကတော့  NUG အစိုးရရဲ့ အစီအမံနဲ့ မင်တပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့လက်အောက်က ပြည်သူ့ပညာရေး အစီအစဥ်မှာ တက်ရောက်သင်ယူနေကြပြီး တောက်လျှောက်လည်ပတ်နေတယ်လို့ ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က တိုက်နယ် ၄ ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးတယောက် ခြေထောက် တဖက်ပြတ်သွားသလို အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက်လည်း ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့ကာ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အရှေ့ပြင်မီးသတ်ကုန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည် မပြုနိုင်သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024