မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၈၆ လမ်း၊ ၃၃ လမ်းနဲ့ ၃၃ လမ်းကြားမှာ မေလ ၂၁ ရက်က နေအိမ်အတွင်း အမျိုးသမီး နှစ်ယောက် အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးနှစ်ယောက်ဟာ ဒေါ်မြမြနဲ့သူ့ရဲ့သမီးဖြစ်သူတို့ဖြစ်ပြီး ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေကာ သေဆုံးရဲ့ ရုပ်အလောင်းမှာ သွေးသောက်လည်ဆွဲကတ် ချိတ်ဆွဲထားတာ တွေ့ရ ပါတယ်။
အဆိုပါ သားအမိကို လူသတ်သမားက ဘာကြောင့် အခုလို သတ်ဖြတ်သွားတယ်ဆိုတာကတော့ မသိရသေးပါဘူး။
ရပ်ကွက်နေပြည်သူတဦးက“သားအမိနှစ်ဦး သတ်ခံရတာ။ မနက်ခင်း အစောကြီး သတ်ခံရတယ်ထင်တယ်။ အိမ်ထဲမှာပဲ အသတ်ခံရတာ။ မြိုင် PDF က ရာဟုရဲ့ အမေနဲ့ ညီမလို့တော့ လိုင်းပေါ်မှာ ရေးနေကြတယ်။ အတိအကျတော့ မသိရဘူး။” လို့ ပြောပါတယ်။
မန္တလေးမြို့မှာ သွေးသောက်အဖွဲ့ဟာ အန်အယ်လ်ဒီ ပါတီဝင်တွေကို အဓိကပစ်မှတ်ထား သတ်ဖြတ်နေတာဖြစ်ပြီး အသတ်ခံရသူ ၇ ယောက် ထက်မနည်းရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကတော့ သွေးသောက်အဖွဲ့ဟာ သူတို့ဖွဲ့စည်းပေးထားတဲ့ အဖွဲ့မဟုတ်ဘူးလို့ပြောဆိုပေမယ့် အခုလို လူသတ်မှုတွေကို ဖမ်းဆီးအရေး ယူတာလည်း မရှိပါဘူး။