ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ပါရမီလမ်းထောင့်မှာရှိတဲ့ လျှပ်စစ်ဓာတ်အားခွဲရုံမှာ မေ ၂၀ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လှိုင်မြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံဟာ အုတ်ကျင်းမှတ်တိုင်နဲ့ ဘုရားလမ်းမှတ်တိုင်ကြားက စစ်တပ်ပိုင် ချည်မျှင်နဲ့ အထည်စက်ရုံအနီးမှာ တည်ရှိပြီး လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတဲ့ကြားက ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"ဗုံးပေါက်တာ မနက် ၉ နာရီလောက်ပေါက်တာ။ အဲ့ဒီလျှပ်စစ်ရုံးက ဘေးနားမှာ တပ်မတော်ချည်မျှင်စက်ရုံလည်း ရှိတယ်။ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတဲ့ကြားက ဗုံးပေါက်ကွဲမှုဖြစ်တာ။ ဗုံးပေါက်ပြီး သေနတ်နဲ့ ၃ ချက်လောက် စစ်တပ်က လှမ်းပစ်တယ်။ ထိခိုက်ဒဏ်ရာရတာ ရှိမရှိတော့ သေချာမသိဘူး။"
ဗုံးပေါက်ကွဲခဲ့တဲ့ လျှပ်စစ်ရုံးဟာ မီတာခ အတင်းအကျပ် လိုက်လံကောက်ခံပြီး မီတာခ မဆောင်ပါက မီးဖြတ်မှာဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတဲ့အတွက် မနက် ၆ နာရီက စတင်ပြီး မီတာခွန်ဆောင်သူတွေ တန်းစီစောင့်ဆိုင်းနေရတဲ့ရုံး ဖြစ်တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီး လျှပ်စစ်ရုံးနဲ့ စစ်တပ် ချည်မျှင်နဲ့ အထည်စက်ရုံအနီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ရောက်ရှိလာကာ လမ်းပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်နေကြကြောင်း သိရပါတယ်။