ကရင်ပြည်နယ်၊ သေ့ဘောဘိုးတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ယောက်နဲ့ ပေါ်တာ ၃ ယောက် စုစုပေါင်း ၁၄ ယောက် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။
ထွက်ပြေးလာတဲ့ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တွေဟာ ထိုင်းစစ်တပ်ထံမှာ အကူညီတောင်းခံခဲ့လို့ မေလ ၁၉ ရက်မှာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားကနေ ပြန်ပို့ပေးခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
သေ့ဘော့ဘိုး စစ်ကောင်စီတပ်စခန်းမှ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေဟာ မေလ ၁၉ ရက် နေ့လယ်က မြဝတီ-ဝေါ်လေကားလမ်းကို ဖြတ်သန်းပြီး သောင်းရင်းမြစ်ကို ဖြတ်ကူး ထွက်ပြေးသွားခဲ့တာလို့လည်း ကော်ဘရာစစ်ကြောင်းကလည်း သတင်းထုတ်ပါတယ်။
ဒီနောက် ထိုင်းဘက်အခြမ်းမှ အသင့်စောင့်ဆိုင်းနေတဲ့ ထိုင်းစစ်သားတွေက ကားနှစ်စီးနဲံ လာရောက်ခေါ်ယူခဲ့ပြီး စစ်ကောင်စီ တပ်သားတွေရဲ့ လက်နက်တွေကို ထုပ်ပိုး သယ်ဆောင်သွားခဲ့ကာ သောင်းရင်းမြစ် ဖြတ်ကူးစဉ် ပြုတ်ကျ ကျန်ရစ်ခဲ့တဲ့ MA -2 တလက် သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အခုလို သေ့ဘောဘိုးတပ်စခန်းကျသွားတာနဲ့ စစ်ကောင်စီတပ်သားတွေ ထိုင်းဘက်ထွက်ပြေးတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်ကတော့ အတည်ပြုသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သေ့ဘော့ဘိုးကျေးရွာအနီးက စစ်ကောင်စီရဲ့တပ်စခန်းကို မေ ၁၈ ရက် မွန်းလွဲပိုင်းမှာ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၆ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်မျိုးစုံ ၁၂ လက်နဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
VIDEO-CREDIT-Cobra