တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကမ်းမလိုင်းရွာနဲ့ ရှမ်းအင်းတော်ရွာကြားမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံ PDF အဖွဲ့က ပြောပါတယ်။
မတ်လ ၉ ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက အခုလို တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ဆိုင်ကယ်နဲ့လာတယ်လို့ သတင်းရရှိတဲ့အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ပြောက်ကျားနည်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က တဦးသေဆုံးသွားသလို စစ်ကူတွေ ရောက်လာတဲ့အတွက် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ပါဝင်တိုက်ခိုက်မှုမှာ ပါဝင်သူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း တနင်္သာရီဘက်ကနေ မြိတ်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၁၅ စီးကို မြိတ်ခရိုင် လသာကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အခုနှစ်ဆန်းပိုင်းကစလို့ တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသတွင်းမှာလည်း စစ်ဘေးရှောင်ပြည်သူတွေ တိုးလာနေပါတယ်။