Home
မြန်မာသတင်း
ရှားတောတိုက်ပွဲတွင် ကရင်နီ ပူးပေါင်းတပ်က ၃ ဦး ကျဆုံး
DVB
·
May 19, 2022
280594838_173401845116096_8365291199354419844_n
282405233_173402078449406_7323018318515254039_n
280960445_173402025116078_6723722615893825261_n

ကရင်နီ (ကယား) ပြည်နယ် ရှားတောမြို့နယ်မှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဘက်က ၃ ဦးကျဆုံးသွားတယ်လို့  KNPP တာဝန်ရှိသူ တဦးက ပြောပါတယ်။

ရှားတောမြို့နဲ့ ၂ မိုင်ခန့်ဝေးတဲ့ အန္တရာယ်ကွေ့စခန်းကို KA, KNDF တို့ ပူးပေါင်းတပ်တွေက မေလ ၁၇ ရက်နေ့က ဝင်ရောက်ပစ်ခတ်လို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာကနေ နှစ်ဘက် ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ 

“စခန်းကတော့ ရှိတယ်။ အရင်က သူတို့တပ်တွေ မရှိတော့ဘူး။ အရင်သူတို့တခါ မီးသွားရှို့လိုက်ပြီး အဲဒီနေရာကို ကင်းပုန်းသွားသွားထိုင်တာ ရှိတယ်။ ရှားတောကနေ တက်တက်ပြီးမှ သွားထိုင်တာ။ ပထမ တခေါက်ကလည်း အဲလိုမျိုး ဖြစ်ပြီးပြီ။ သူတို့လမ်း လာစောင့်ရင်းနဲ့ တပ်နဲ့တိုးတာ။ အခုတခေါက်လည်းပဲ လမ်းသွားစောင့်မလို့ဘဲ၊ သွားတုန်းမှာ စခန်းထဲမှာ သူတို့(တပ်က) အရင်ရောက်နေတယ်။ အဲဒီမှာ လမ်းသွားစောင့်မယ်ဆိုပြီးမှသွားတာ၊ အဲဒီတပ်ဟောင်းမှာ သူတို့ ပြန်လာထိုင်နေတာ၊ မသိလိုက်ဘူး။ အဲဒါနဲ့ တိုက်ပွဲဖြစ်တာ” လို့ KNPP တာဝန်ရှိသူတဦးက ပြောပါတယ်။ 

ရင်ဆိုင်တိုက်ပွဲကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ရဲဘော် ၂ ဦးနဲ့ ကရင်နီတပ်မတော် (KA) က ရဲဘော် ၁ ဦး ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

ရှားတော-လွိုင်ကော်လမ်းမှာ သွားလာနေတဲ့ ပြည်သူတွေဆီကနေ စစ်ကောင်စီက ရိက္ခာမှာယူတာတွေ ရှိနေတဲ့အတွက် မေ ၁၆ ရက်နေ့ကနေစပြီး ရှားတော-လွိုင်ကော်လမ်းကို ယာယီ ပိတ်ထားကြောင်း KNDF B-17 က မေလ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024