တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ ဂ ရပ်ကွက်၊ နဝဒေးလမ်းမှာ မေ ၁၇ ရက် ည ၇ နာရီဝန်းကျင်လောက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ မြိုခံတွေက ပြောပါတယ်။
မြိုခံတဦးက “ပေါက်ကွဲတာက ညဦးပိုင်းလောက်ကပါ၊ အသံကတော့ ရုံးတွေရှိတဲ့ လယ်ကွင်းပြင်ဘက်က ကြားရတာ” လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ရေဖြူမြို့၊ ဂ ရပ်ကွက်၊ နဝဒေးလမ်းထဲမှာ လဝကရုံး၊ စည်ပင်ရုံး၊ သတင်းတပ်ဖွဲ့ရုံး၊ စရဖရုံး စတဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးတွေ တည်ရှိပါတယ်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
အခုပေါက်ကွဲမှုဟာ ဒရုန်းပစ်ချတိုက်ခိုက်တာ ဖြစ်တယ်လို့ မြို့ခံတချို့က ပြောဆိုနေကြပေမဲ့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို ဘယ်အဖွဲ့အစည်းက ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားတာမျိုးလည်း မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီလမှာတော့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ရေဖြူမြို့မရဲစခန်း အနီးက သင်္ကြန်မဏ္ဍပ်ကို ဒရုန်းနဲ့ မိုင်းပစ်ချတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။