မကွေးတိုင်း မြိုင်မြို့နယ်မှာ မေလဆန်းကစပြီး စစ်ကောင်စီတပ်က ရွာစဉ်လှည့်ပြီး အကြမ်းဖက်ပစ်ခတ်မီးရှို့နေတာကြောင့် သောင်းနဲ့ချီတဲ့ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး လက်နက်ကြီးကျည်ထိမှန်တာကြောင့် သက်ကြီး အဘိုးအဘွားအပါအဝင် ပြည်သူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ်ဟာ စီးပွားဖြစ်ရေနံလုပ်ငန်းတွေကနေ တနိုင်တပိုင် ရေနံတွင်းတွေအထိ လုပ်ငန်း လုပ်ကိုင်ကြတဲ့အရပ်ဖြစ်ပြီး ရေနံလုပ်ငန်းရှင်တွေက PDF တွေကို ထောက်ပံ့နေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ပြုလုပ်နေတာပါ။
မြိုင်ဒေသခံပြည်သူတစ်ဦးက “ခုလတ်တလောတော့ မြိုင်မြို့နယ်မှာ စစ်ကြောင်းတွေက သုံးကြောင်းလောက် ထိုးတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ မီးတွေ ရှို့နေတဲ့အတွက် ကျနော်တို့ မြိုင်မြို့နယ်ကတော့ တော်တော်လေးကို ဒုက္ခရောက်နေတာပေါ့။ စစ်ဘေးရှောင်တဲ့သူတွေကလည်း အများကြီးဖြစ်နေပြီ။ ရွာတွေကိုလည်း အခုလက်ရှိအထိ ဆက်တိုက်ကို မီးရှို့နေတာ။ လက်နက်ကြီးတွေနဲ့လည်း လှမ်းလှမ်းပစ်နေတာ အများကြီး ကြုံနေရတဲ့အတွက် မြိုင်မြို့နယ်က တော်တော်လေး ဒုက္ခရောက်နေတဲ့အတွက် စစ်ကောင်စီက ဒါမျိုးတွေကို လုံးဝရပ်သင့်တယ်လို့ပဲ ကျနော်က ယူဆပါတယ်” လို့ ပြောပါတယ်။
မြိုင်မြို့ပေါ်မှာ ပြည်သူတွေဟာ မနေရဲတော့ဘဲ ကျေးရွာတွေနဲ့ တောတောင်တွေမှာ စစ်ဘေးရှောင်နေရပါတယ်။ မြိုင်မြို့ပေါ်မှာ အဖမ်းအဆီးကြမ်းတာ၊ နေအိမ်တွေကို ချိပ်ပိတ်တာတွေကိုလည်း စစ်ကောင်စီက ဆက်တိုက်ပြုလုပ်နေပါတယ်။
မေလ ၁၃ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ နှစ်ကြိမ်တိုင် စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ် မီးရှို့တာတွေ ခံခဲ့ရတဲ့ ရွာရှည်ရွာ (ခေါ်) ပိတောက်ကန်ရွာမှာ အိမ်ခြေ ၆၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး အပြစ်မဲ့ သက်ကြီးဘိုးဘွား ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ပါတယ်။
မြိုင်မြို့နယ်၊ ပိတောက်ကန်ရွာသူတဦးက “ဒုက္ခရောက်တာတော့ မပြောနဲ့တော့ အကို။ ၁၃ ရက်နေ့ကို လက်နက်ကြီးနဲ့ထုတာ ကျမတို့က ၁၂ ရက်နေ့ကတည်းက တရွာလုံးပြေးရတာ အကို။ မပြေးနိုင်တဲ့သူတွေလောက်ပဲ ကျန်တာ။ တောတွေထဲမှာ အကုန်ဆင်းနေရတာ။ ပြောမပြတတ်လောက်အောင်ကို မုန်းတီးရွံရှာတာ။ စစ်ကိုင်းဘက်မှာ မီးရှို့တယ် ဆိုတာတွေကို ကြားတယ်။ ဒါပေမဲ့ ကျမတို့ဘက်မှာ မီးရှို့ခံရတာ မျက်စိတပ်အပ်မြင်တာ မရှိသေးဘူး။ ပုလဲနယ်ဘက် ရှို့တုန်းကလည်း ဝေးတယ်လေ။ အခုလက်တွေ့မျက်မြင် ကြုံလိုက်တဲ့အခါကျမှ တော်တော်လေးကို ရွံရှာစိတ်တွေက ပိုပိုဆိုးလာတာဗျ။ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည် ဖြစ်စေ ကျမတို့ တောသူတောင်သားတွေအပေါ် ရက်စက်ယုတ်မာတယ်။ ငါတို့ရဲ့ စည်းစိမ်ဥစ္စာတွေ ဒီလို ဖျက်ဆီးတယ်။ တော်ပြီ၊ ငါတို့ မတော်လှန်ရဲတော့ဘူး ဆိုတဲ့စိတ် လုံးဝမရှိတော့ဘူး အကို။ ပိုပြီးနာကြည်းတဲ့စိတ်နဲ့ ပိုပြီးတော်လှန်မယ်ဆိုတဲ့စိတ်ပဲ ထားတယ်၊ ကျမတို့ တောသူတောင်သားတွေ အကုန်လုံးပဲ။”
စစ်ကောင်စီက မေ ၁ ရက်နေ့ကစပြီး မြိုင်မြို့နယ်ထဲမှာ အကြမ်းဖက်ပစ်ခတ်တာတွေ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ မြိုင်မြို့နယ်၊ ရွာသစ်ကြီးကျေးရွာမှာ နေအိမ် ၇၁ လုံး၊ နှမ်းစကျင်းကျေးရွာမှာ နေအိမ် ၄လုံး၊ သံဘိုကြီးကျေးရွာမှာ နေအိမ် ၄ လုံး၊ ပိတောက်ကန်ရွာမှာ နေအိမ် ၆၅ လုံး၊ လက်ယက်မကျေးရွာမှာ အိမ်ခြေ ၂၀၀၀ ကျော် ရှိတဲ့အထဲက အိမ်ခြေ ၁၅၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
မြိုင်မြို့နယ်ထဲမှာ သောင်းနဲ့ချီတဲ့ စစ်ဘေးသင့်ပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသတွင်းအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီပြန်ကြားရေး တာဝန်ခံကတော့ အနောက်မြောက်တိုင်းစစ်ဒေသထဲက တိုက်ပွဲသတင်းတွေကို ပုံမှန်ထုတ်ပြန်လေ့မရှိဘဲ အကြမ်းဖက်မှုတွေနဲ့ မီးလောင်ကျွမ်းမှုတွေဟာ သူတို့လက်ချက် မဟုတ်ဘဲ ဒေသတွင်း PDF တွေက ပြုလုပ်နေတာလို့ ပြန်လည်စွပ်စွဲလေ့ရှိ ပါတယ်။