အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ဟာ အမေရိကန် အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်နဲ့ မေလ ၁၇ ရက်က အမေရိကန် လွှတ်တော်ရုံးမှာ မြန်မာ့အရေးတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံမှုမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖိနှိပ်ညှဉ်းပန်းမှုလုပ်ရပ်တွေ၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ပေါက်လာနိုင်ရေးအတွက် မြန်မာပြည်သူတို့ရဲ့ ခုခံတွန်းလှန်နေမှုတွေ၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ဆက်လက် ထောက်ခံပံ့ပိုးရေး၊ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာမှ မြန်မာ့အရေး ဆက်လက် ကူညီမှုပေးနိုင်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသလို မြန််မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ဆယ်စုနှစ်တွေနဲ့ချီပြီး နှစ်ပေါင်းများစွာ အစဉ်တစိုက် အားပေးထောက်ခံလာခဲ့တဲ့ ဝါရင့်ဆီးနိတ်လွှတ်တော်အမတ်ဖြစ်ပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်အစိုးရရဲ့ တရားဝင်ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာရောက်ရှိနေတာဖြစ်ပြီး အမေရိကန် ဒုနိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီရှားမန်းအပါအဝင် အစိုးရ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။