မွန်ပြည်နယ် ရေးမြို့နယ်မှ ထွက်ရှိတဲ့ မင်းကွတ်သီးတွေ ဈေးကောင်းရရှိကြတဲ့အပြင် ဈေးကွက်မှာယူတင်ပို့မှုပါ မြင့်တက်လာနေတယ်လို့ ဒေသခံ ကုန်သည်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က မင်းကွတ်သီးဈေးက တလုံးကို ၃၀ ကျပ်လောက်သာ ရရှိပြီး အခုနှစ်မှာ ၅၀ ဝန်းကျင်အထိ ရကြတယ်လို့ ကုန်သည်တဦးက ပြောပါတယ်။
“မင်းကွတ်သီး ထွက်ရှိတဲ့အချိန်က စတင်ပြီး နယ်ဈေးက ၁ လုံး ကျပ် ၅၀ ဝန်းကျင်အထိ ရကြတယ်။ ဒီနှစ် အသီးတွေလည်း အဝင်များကြပါတယ်။ ပစ္စည်းမှာယူကြတဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မော်လမြိုင်မြို့အပြင် တခြား နယ်မြို့တွေကလည်း မှာယူကြတော့ အရောင်းအဝယ်ဖြစ်ကြတယ်။”
စိုက်ပျိုးတောင်သူတဦးက “မင်းကွတ်သီးက အထွက်များပြီး ဈေးကောင်းတဲ့ နှစ်နဲ့ ကြုံရင် ကောင်းပေမဲ့ ရာသီဥတုကြောင့် အထွက်နှုန်းလည်း ကျဆင်း၊ ဈေးလည်း မရကြတဲ့ နှစ်တွေဆိုရင် စရိတ် ရှုံးကြတယ်” လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၁ နှစ် ကျော်ကာလအတွင်းမှာ စက်သုံးဆီစျေးတွေ၊ ကုန်စျေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ စိုက်ပျိုးတောင်သူတွေမှာလည်း ခြံလုပ်ငန်းရဲ့ ကုန်ကျစရိတ်တွေပါ ပိုမိုကုန်ကျလာခဲ့တာကြောင့် သစ်သီးဝလံဈေးနှုန်းတွေ ဈေးကောင်းရရှိပေမဲ့ ထိုက်သင့်သလောက် မကျန်ကြဘူးလို့ တောင်သူတွေက ဆိုပါတယ်။
ရေးမြို့နယ်မှာ နှစ်ရှည်ပင် ရာသီးပေါ်တွေဖြစ်တဲ့ ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်၊ ကျွဲကောသီးတွေကို စိုက်ပျိုးထားကြပြီး နှစ်စဉ် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ မန္တလေးတို့ကို တင်ပို့မှုက ဈေးကွက်မှာ နေရာယူထားပါတယ်။
ရေးမြို့နယ် မင်းကွတ်သီးတွေက တခြား နှစ်ရှည်ပင်တွေနဲ့ တွဲပြီး စိုက်ပျိုးထားရှိပါတယ်။ မင်းကွတ်သီးအထွက်များတဲ့ ရာသီတွေဆို သိန်းနဲ့ချီ ထွက်ရှိပြီး တင်ပို့ရောင်းချနေရပါတယ်။