ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် တယောက် သေနတ်ပစ်ခံရပြီးနောက် အန်အယ်လ်ဒီပါတီဝင် ၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ညီနောင်ကျေးရွာအုပ်စု ကျောင်းစုကျေးရွာနေ ပျူစောထီးခေါင်းဆောင် မောင်မြင့် သေနတ်ပစ်ခံရပြီးနောက် ဒေသခံ အန်အယ်လ်ဒီပါတီဝင် အသက် ၅၀ ကျော် ဒေါ်ဝင်းလှ အပါအဝင် ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သလို တခြားသူ အများအပြားကို လိုက်လံဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုနဲ့ ဧရာဝတီလင်းပိုင်တို့က သူတို့ ပူးပေါင်းလုပ်တယ်လို့ သတင်းထုတ်ပြန်ပြီးသား။ အဲဒါကို မဆိုင်တဲ့ အရပ်သားတွေကို လိုက်ဖမ်းပြီး မမှန်မကန် စွပ်စွဲ ရိုက်နှက် စစ်ဆေးနေကြတာပါပဲ” လို့ ပြောပါတယ်။
ပျူစောထီးခေါင်းဆောင် သေနတ်နဲ့အပစ်ခံရတဲ့နေ့မှာပဲ ညီနောင်ကျေးရွာမှ အန်အယ်လ်ဒီ ပါတီဝင် ဒေါ်ဝင်းလှ၊ ဦးအောင်သန်းဌေး၊ ဦးကျော်ကျော်၊ ဦးတင်စိုး၊ ဦးဝင်းဌေး တို့ ၅ ဦးကို ဖမ်းဆီးသွားပြီး အိမ်မှာ ရှာမတွေ့သူတွေကိုလည်း နောက်ရက်တွေမှာ ထပ်မံရှာဖွေဖမ်းဆီးနေတာလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဘိုကလေးမြို့မှာ သတင်းပေးဒလန်လို့ နာမည်ကြီးသူ ၄ ယောက် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး တရားခံအစစ်အမှန်ကို မဖော်ထုတ်နိုင်တဲ့အတွက် အခုလို နီးစပ်ရာ ဒေသခံ အန်အယ်လ်ဒီတွေကို ဖမ်းဆီးရိုက်နှက်စစ်ဆေးတာတွေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းစုကျေးရွာနေ ပျူစောထီးခေါင်းဆောင် မောင်မြင့်ကို ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနဲ့ ဧရာဝတီလင်းပိုင်အဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။