Home
မြန်မာသတင်း
ဒုန်းဖြင့် ပစ်ခတ်ခံရပြီးနောက် သပိတ်ကျင်းမြို့နယ် ခရမ်းစပ်ကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့
DVB
·
May 17, 2022
281567785_5021106181270993_2839602165653584528_n

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်၊ ကြာညှပ်ကျေးရွာရဲ့ အနောက်မြောက် ဘက်ရှိ ခရမ်းစပ်ကုန်းကျေးရွာကို မေ ၁၆ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၆ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်လောက်မှာ ကန့်ဘလူ PDF က မန္တလေးက​ နေအထက်ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ခရမ်းစပ်ကုန်းကျေးရွာရဲ့ မြောက်ဘက်ကနေ ၁၀၇ မမ ဒုံးနဲ့ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အနီးအနားမှာရှိတဲ့ အဆိုပါကျေးရွာကို စစ်ကောင်စီတပ်တွေက သွားရောက် မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “မီးရှို့ခံရတာ ဟုတ်တယ်ဗျ၊ မနေ့တုန်းက စကစ သင်္ဘောသုံးစီး တက်လာတာလေ၊ အဲ့မှာ စကစသင်္ဘော သုံးစီးတက်လာတဲ့ဟာကို ဟိုဘက်က အဖွဲ့တွေက ရှော့တိုက်ဒုန်းနဲ့ပစ်တယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီး ဆိုင်ဆိုင်မဆိုင်ဆိုင် နီးစပ်ရာရွာတွေကို သူတို့က ဝင်ပြီး မီးရှို့သွားတာ" လို့ ပြောပါတယ်။

ရှော့တိုက်ဒုန်း နဲ့ အပစ်ခံရတဲ့အတွက် သင်္ဘောတစီး မြုပ်လုအနေအထားဖြစ်သွားပြီး နောက်ကပါလာတဲ့ အခြားသင်္ဘောတစ်စီးက တွဲကပ်ပြီး ပါလာတဲ့ ပစ္စည်းတွေ ရွှေ့တင်ကာ ရပ်နားခြင်းမရှိပဲ သင်္ဘောနှစ်စီးတွဲပြီး အထက်ပိုင်းကို တောက်လျှောက်ဆန်တက်သွားတယ်လို့ ဆိုပါတယ်။

သပိတ်ကျင်းနယ်ခံ တဦးက “မီးဝင်ရှို့သွားတာ ၁၃ တပ်က၊ တန်းမြှင့်လေ့ကျင့်ရေးကျောင်း ၁၃ တပ်ကရယ်၊ နယ်ခံရဲတပ်ဖွဲ့က နယ်ခံကြာညှပ်က ရဲ (-) တွေရယ်၊ အင်အား ၈၀ လောက်ပေါ့ အကုန်ပေါင်း။ အရှေ့ဘက်ကမ်းကနေ အနောက်ဘက်ကမ်းကို လက်နက်ကြီးနဲ့ ပစ်တယ်၊ ပစ်ပြီးမှ ရွာကိုဝင် မီးရှို့သွားတာ” လို့ ပြောပါတယ်။

သင်္ဘောတွေ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခံရပြီးတဲ့နောက် ကြာညှပ်ရွာဘက်မှာ စစ်ကောင်စီတပ်တွေ စုစည်းနေကတည်းက ရွာခံတွေက ကြိုတင်တိမ်းရှောင်နေကြတဲ့အတွက် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရချိန်မှာ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

ခရမ်းစပ်ကုန်းရွာဟာ အိမ်ခြေ ၁၀၀ လောက်သာရှိပြီး အိမ်ခြေ ၂၀ လောက် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မေလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းအထိ ပုတီးဖြူကျေးရွာနဲ့ ကြာညှပ်ရွာတို့မှာလည်း စစ်ကောင်စီတပ်တွေ ဝင်ထွက်သွာလာနေကြပြီး ခရမ်းစပ်ကုန်း ရွာထဲကနေ ထွက်ပြေးတဲ့ ပြည်သူတွေကို လိုက်ရှာပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီ တပ်တွေဟာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတလျှောက် ကြာညှပ်ကျေးရွာ၊ တကောင်းမြို့နဲ့ နီကယ်ဆိပ်ကမ်းမှာ တလှည့်စီသွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ- ကန့်ဘလူ PDF

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024