မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီရဲကင်းစခန်းကို မေလ ၁၆ ရက်နေ့ညပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ PDF ရဲဘော်တစ်ယောက် ကျည်ဆန်ထိမှန်ပြီး အပြင်းထန် ဒဏ်ရာရရှိခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ PDF- ထီးလင်းက ပြောပါတယ်။
“ရေမျက်နီရဲကင်းစခန်းမှာ စစ်(...)တွေ အင်အားနည်းနေတဲ့အချိန် ဖြည်းဖြည်းချင်းချည်းကပ်ပြီး ဝင်စီးမလို့ လုပ်တာဗျ။ စခန်းနားကို ရောက်သွားတဲ့အချိန် ည ၈ နာရီကျော်လောက်မှာ သတ်မှတ်ထားတဲ့ အချိန်မရောက်ဘဲ မထင်မှတ်ဘဲ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြတယ်။ ကျနော့်ဆီက ရဲဘော်တယောက် ပခုံးပေါ်ကနေ ကျည်ဝင်ပြီး ညာဘက်နံကြားထဲကနေ ဖောက်ထွက်သွားလို့ ဒဏ်ရာအခြေနေ စိုးရိမ်ရတာကြောင့် ၁၅ မိနစ်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး ပြန်လည် ဆုတ်ခွာခဲ့ရတယ်” လို့ PDF-ထီးလင်းရဲ့ တပ်ရင်းမှူး ဗိုလ်လရောင်က ဒီဗွီဘီကိုပြောပါတယ်။
ဒဏ်ရာအပြင်းထန်ရရှိခဲ့တဲ့ ရဲဘော်ရဲ့ အခြေနေကတော့ စောင့်ကြည့်နေဆဲဖြစ်တဘ်လို့ ဆိုပါတယ်။
“X Ray စက်တွေဘာတွေတော့ မရှိဘူး။ ခွဲစိတ်ဆရာဝန်ဆီကိုတော့ ရောက်သွားပြီ။ ညကတော့ ပခုံးကြားထဲကနေ ကျည်ဝင်ပြီး နံကြားထဲကနေ ဖောက်ထွက်တာဆိုတော့ သွေးတွေ အရမ်းထွက်ပြီး တော်တော်စိုးရိမ်ရတယ်။ အခုလက်ရှိမှာတော့ နည်းနည်းတော့ အခြေနေကောင်းလာပြီ။”
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမယ့် ညဘက်တိုက်ပွဲ ဖြစ်တာကြောင့် ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
PDF-ထီးလင်းအနေနဲ့ လက်နက်ခဲ့ယမ်း ဝယ်ဖို့ ရန်ပုံငွေမရှိတာကြောင့် အခက်အခဲကြုံနေရတယ်လို့ ဗိုလ်လရောင်က ပြောပါတယ်။
“လက်နက်ခဲယမ်းကို ထင်သလောက် အသုံးမပြုနိုင်ဘူး။ ကျင်းရဲစခန်းက သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကလည်း ကျည်ဆန်တွေ ကုန်နေလို့ ကျည်လမ်းကြောင်း ဖောက်ထားပေမယ့် ကျည်ဆန်ဝယ်ဖို့ ရန်ပုံငွေမရှိတော့ဘူး။ မိုင်းအခက်ခဲတွေလည်းရှိတယ်။ စားရေးသောက်ရေးကတော့ ကျေးရွာတွေက ပြည်သူလူထုက ထောက်ပံ့ပေးနေလို့ အဆင်ပြေပါတယ်။”
အဲဒီ ရေမျက်နီရဲကင်းစခန်းကို မေလ ၁၅ ရက်နေ့ မနက်ပိုင်းက PDF-ထီးလင်းနဲ့ ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနဲ့ရဲ ၁၅ ယောက်လောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထီးလင်းမြို့နယ် ကျင်းနယ်မြေ ရဲစခန်းကိုလည်း ဧပြီ ၁၇ ရက်နေ့မှာ ထီးလင်း PDFက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ စခန်းမှူး သေဆုံးကာ ရဲ ၂ ဦးအပြင်းထန်ဒဏ်ရာရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။