ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း၊ ကန်ကျနပူရီခရိုင်၊ ထာ့မုန့်မြို့နယ်ထဲမှာ မတ်လ ၁၆ ရက်က အလုပ်သမားတွေကို အကြိုအပို့လုပ်နေတဲ့ဘတ်စ်ကား ၁ စီး မီးလောင်သွားပြီး အလုပ်သမားတွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါဘတ်စ်ကားဟာ ထာ့မကာမြို့နယ် ဗိုက်တာဖုဒ့်သစ်သီးစက်ရုံက အလုပ်သမားပေါင်း ၃၀ ကို လုပ်ငန်းခွင်သို့ ပို့ဆောင်ပေးရန် သွားကြိုလာစဉ် မနေ့မနက် ၇ နာရီကျော်က နောင်တတ်ယာ့နဲ့ ဘန့်ဖန်းလွန်းရပ်ကွက်ကြား ဟွေ့လိုက်ကျောင်းအရှေ့မှာ မီးလောင်သွားတာလို့ နယ်မြေခံရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ် ။
ယာဉ်မောင်းသူရဲ့ပြောပြချက်အရ အရင်ဆုံးကားထဲကနေ ညှော်နံ့တွေရရှိကြောင်း၊ အဲဒီနောက်ကား အောက်ပိုင်းကနေ မီးခိုးတွေစထွက်လာလို့ ကားရပ်လိုက်ပြီး အလုပ်သမားတွေကို အကုန်ဆင်းခိုင်း ကာကယ်ဆယ်ရေးအဖွဲ့နဲ့ နီးစပ်ရဲရဲစခန်းကို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မီးသတ်ကား ၄ စီးနဲ့ နာရီဝက်ကျော်ကြာ မီးငြှိမ်းသတ်ပေးခဲ့ပေမဲ့ ကားကတော့ တစီးလုံးရစရာမရှိအောင် လောင်ကျွမ်းသွားပါတယ်။
ကားမီးလောင်မှုမှာ စက်ချို့ယွင်းမှုလို့အကြမ်းဖျင်းသတ်မှတ်ပြီး ဆက်လက် စစ်ဆေးဆဲပဲလို့ ဆာမ်လောင်းနယ်မြေ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဆိုပါ ဗိုက်တာဖုဒ် သစ်သီးစည်သွပ်ဘူး ထုတ်လုပ်ရေးစက်ရုံမှာ အလုပ်သမားထောင်ကျော်ရှိပြီး အများစုမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။