ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) ၊သထုံခရိုင် တပ်မဟာ ၁ နယ်မြေမှာ တော်လှန်ရေးအဖွဲ့ တွေ စုစည်းထားတဲ့ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီကို တရားဝင် အဖွဲ့အစည်းအဖြစ် မေ ၁၆ ရက်က တပ်မဟာ ၁ ကေအန်ယူက ကြေညာလိုက်ပါတယ်။
ကေအန်ယူ တပ်မဟာ ၁ နယ်မြေဒေသတွင်း အခြေတည်ပြီး စစ်ကောင်စီကို နည်းလမ်းပေါင်းစုံနဲ့ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးကို စုစည်းညီညွတ်စွာနဲ့ ရပ်တည် လှုပ်ရှားဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ၂၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က စတင်ပြီး ကော်မတီကို ဖွဲ့စည်းခဲ့တာပါ။
အဆိုပါဖွဲ့စည်းခဲ့ပြီးဖြစ်တဲ့ ကေအန်ယူ သထုံခရိုင် တပ်မဟာ ၁ မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီကို ကေအန်ယူသထုံခရိုင် ခရိုင်အလုပ်အမှုဆောင်ကော်မတီရဲ့ ၂၀၂၂ ခုနှစ် မတ် ၂၀ ရက် အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် ၅ အရ တရားဝင်အတည်ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ တာပါ။
ကော်မတီမှာပူးပေါင်းပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ကေအန်ယူ သထုံခရိုင် တပ်မဟာ ၁ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီရဲ့ ဦးဆောင်လမ်းညွန်မှုနဲ့ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ စုစည်းညီညွတ်စွာတွန်းလှန်တိုက်ပွဲဆင်နွှဲသွားမှာ ဖြစ်ကြောင်း ခိုင်မာစွာ သဘောတူ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး တော်လှန်ရေးအောင်မြင်တဲ့အထိ ပြည်သူတွေ သွေးမအေးကြဖို့နဲ့ ပူးပေါင်းတိုက်ပွဲဝင်ပေးကြဖို့ တပ်မဟာ ၁၊ သထုံခရိုင်(ဥက္ကဋ္ဌ) ပဒိုစောစိုးမြင့်က တိုက်တွန်း လိုက်ပါတယ်။
“ကျနော်တို့ အောင်မြင်တဲ့အထိ ဆက်လက်ပူးပေါင်းပြီးတော့ တိုက်ပွဲဆက်ဝင်ပေးကြဖို့ ကျနော်တို့ မိတ်ဖက်အဖွဲ့တွေနဲ့ ကေအန်ယူနဲ့လက်တွဲပြီး လုပ်ဆောင်သွားမယ်။ အဓိက ကတော့ ပြည်သူတွေ သွေးမအေးကြဖို့ လက်ရှိ တော်လှန်ရေးအောင်မြင်ပြီးဆုံးထိတိုင်း လက်တွဲပြီး ပူးပေါင်း ဆက်လက်တိုက်ပွဲဝင်ကြစို့”
ဆက်လက်ပြီး ထုတ်ပြန်ကြေညာချက်အတိုင်း လုပ်ဆောင်သွားမှာဖြစ်သလို ဧပြီ ၂၃ ရက် နောက်ဆုံးထားပြီး လေးကေ၊ ဝင်းတာပန်တပ်စခန်းတွေ မထွတ်ခွာသွားသေးတဲ့အတွက် လုပ်စရာ ရှိတာကို တပ်ဘက်အနေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒီကနေ့ မေ ၁၆ ရက် မနက်ပိုင်းက ကေအန်ယူ တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းတံတားထိပ်မှာ KNLA တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြေပြင်အခြေအနေကို စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး အတိအကျ မသိရသေးဘူးလို့ တာဝန်ရှိသူက ဆိုပါတယ်။