မကွေးတိုင်း ဆောမြို့နယ်ရဲတပ်ဖွဲ့က ရဲတပ်သား ၂ ယောက်ဟာ မေ ၁၆ ရက်မှာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ဆောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေတဆင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ PDF-ဆောက ပြောပါတယ်။
PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်အာဏာရှင်တော်လှန်ရေး စစ်ပွဲကလည်း ခုခံစစ်ကနေ တွန်းလှန်စစ်အထိ တဖြည်းဖြည်း ချဉ်းကပ်လာပြီ။ PDF တွေကလည်း တောက်လျှောက် အင်အားကောင်းလာပြီး နေရာတိုင်းလိုလို PDF ဖြစ်နေပြီ။ အဲဒီတော့ သူတို့ အခွင့်ရေးရှိတုန်းကို တကယ့်စိတ်နဲ့ ပူးပေါင်းချင်စိတ်ရှိရင်တော့ အမြန်ဆုံး ပူးပေါင်းစေချင်တာပေါ့။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့လည်း သူနဲ့ကိုယ်နဲ့ ဆန့်ကျင်ဘက်အတိုင်း ရှေ့ဆက်သွားကြရမယ်။”
အဲဒီ ရဲတပ်သား ၂ ယောက်ဟာ G3 သေနတ်တလက်၊ အူစီ သေနတ်တလက်၊ ကျည်အိမ်၊ ကျည်ဆန်၊ လက်ပစ်ဗုံးနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ အတူအလင်းဝင်လာတာ ဖြစ်ပြီး သူတို့ ၂ ယောက်ကို လုံခြုံတဲ့နေရာမှာ ထားရှိကာ ထိုက်သင့်တဲ့ ဆုကြေးငွေချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးသွားမယ်လို့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေ ကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။