မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြားမှာ မေ ၁၅ ရက် မနက် ၈ နာရီခွဲကျော်က လူတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ပစ်သတ်ခံရသူဟာ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်က အကွက်မှူး ဦးကြည်လင်းဖြစ်ကာ လက်ဖက်ရည်ဆိုင်ကနေ စက်ဘီစီးပြီး အပြန်မှာ ဆိုင်ကယ်နဲ့ အမည်မသိ လူနှစ်ယောက်က ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“အကွက်မှူးက ယာယီအကွက်မှူးပေါ့၊ မနက်ခင်း လက်ဖက်ရည်ဆိုင်က အပြန်မှာ ပစ်ခံရတာ။ နေရာမှာတင် သေသွားတယ်ကြားတယ်” လို့ ချမ်းအေးသာစံမြို့နယ်နေ ပြည်သူတဦးက ပြောပါတယ်။
အကွက်မှူးဦးကြည်လင်းအား ဘယ်အဖွဲ့က ပစ်သတ်တယ်ဆိုတာတော့ မသိရေသေးဘဲ ခေါင်း၊ ပခုံးတို့မှာ ကျည်မှန်ဒဏ်ရာတွေရရှိပြီး နေရာမှာသေဆုံးသွားကာ ရုပ်အလောင်းကို ဆေးရုံကြီးမှာ တင်ပို့ထားတယ်လို့ သိရပါတယ်။