မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးအရာရှိ ၁ ယောက်နဲ့ ကဗျာကြီးကျေးရွာက ပျူစောထီးအဖွဲ့ ခေါင်းဆောင် ၁ ယောက်တို့ မေ ၁၃ ရက် ညနေ ၆ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကဗျာကြီးကျေးရွာနေ ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးထားဝယ်ဟာ သူ့ရဲ့ နေအိမ်မှာ ရှိနေစဉ် သေနတ်ထိမှန် သေဆုံးခဲ့တာဖြစ်ပြီး လဝက ဝန်ထမ်းတယောက်လည်း အသတ်ခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ခေါဇာက အထွေထွေအုပ်ချုပ်ရေးဦးစီးအရာရှိနဲ့ ပျူစောထီးအဖွဲ့ ခေါင်းဆောင်တယောက်ဟာ ပြည်သူ့တွေကို ခြိမ်းခြောက်တာတွေလုပ်ခဲ့တာကြောင့် အခုလို နေအိမ်မှာ ၂ ဦးလုံး သေနတ်ပစ်ခတ်ပြီး သုတ်သင်ရှင်းလိုက်ပြီး သေနတ် ၁ လက်ပါ သိမ်းဆည်းလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရေးဘီးလူးအဖွဲ့ဟာ စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲ သတင်းပေးတွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်လာခဲ့ ၁၂ ယောက်လောက်ကို သုတ်သင် ရှင်းလင်းခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ရေးဘီးလူးအဖွဲ့ဟာ အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတာဖြစ်ပြီး သတင်းပေးနိုင်တဲ့ သူကို ဆုကြေးငွေဖြင့် ပေးမယ်ဆိုပြီး သတင်းထုတ်ပြန်ထားပါတယ်