ထိုင်းနိုင်ငံကို နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အယောက် ၇၀ နဲ့ လူကုန်ကူးသမားတွေရဲ့ မော်တော်ကား ၃ စီးအပြင် စကားပြောစက် ၃ လုံး၊ ဆက်သွယ်ရေး တယ်လီဖုန်း ၃ လုံးတို့ကို မေလ ၁၄ ရက်မနက်က ဖမ်းဆီးရမိတယ်လို့ ဖုတ်ဖရမြို့ကို လုံခြုံရေးယူထားတဲ့ ထိုင်းစစ်တပ်သတင်းရင်းမြစ်ထံက သိရပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ကျောက်ခက်ရွာကတဆင့် ထိုင်းနိုင်ငံ ဖုတ်ဖမြို့နယ်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာပြီး ဘန်ကောက်မြို့ကြီးသို ဦးတည်သွားမယ့် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၄၂ ယောက်နဲ့ အမျိုးသမီး ၂၈ ယောက် စုစုပေါင်း အယောက် ၇၀ ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တာပါ။
ထိုင်းစစ်တပ်က လူကုန်ကူးသူတွေရဲ့ကား ၃ စီးကို စစ်ဆေးဖို့လာရောက်စဉ် ကားမောင်းသူ ၃ ယောက်က မှောက်မဲနေတဲ့ တောထဲပြေးထွက်လွတ်မြောက်သွားရာမှာ ကျန်ရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇၀ ကို ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ဖုတ်ဖမြို့မရဲစခန်းမှ အမှုတည်ဆောက်ပြီး စစ်ဆေးအရေးယူသွားမယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါး နေတာကြောင့် ထိုင်းနိုင်ငံကို မြန်မာ လူငယ်တွေ အလုပ်လုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ သွားရောက်နေရာမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသူတွေကတော့ နေ့စဉ်လိုလို ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။