စစ်ကောင်စီတပ်တွေဝင်ရောက် အကြမ်းဖက်မီးရှို့သွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာမှာ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်း ၃၁ လောင်းကို တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးမြို့နယ်ကို မေလဆန်းကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ခုနဲ့ ဆက်တိုက်ထိုး စစ်ဆင် ဝင်ရောက် အကြမ်းဖက်နေတာမှာ မုံတိုင်ပင်ရွာကို မေလ ၁၀ ရက်မှာ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ဝင်ရောက်လာပြီး မပြေးနိုင်ဘဲ ကျန်နေတဲ့ အရပ်သား ၅၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
နောက်ပိုင်းမှာ အမျိုးသမီးနဲ့ ကလေးငယ် ၂၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့ ၃၀ ကျော်ကိုတော့ ဖမ်းဆီးထားပြီး မေလ ၁၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက ရွာကိုမီးရှို့ပြီး ထွက်ခွာသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေ ထွက်သွားပြီးးနောက် ဒေခံရွာသားတွေက မီးလောင်နေတဲ့အိမ်တွေကို ငြှိမ်းသတ်ဖို့ရွာကိုပြန်လာချိန်မှာ အသတ်ခံရပြီး မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်း ၃၁ လောင်းကို တွေ့ရှိရတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
ရေဦးဒေသခံတဦးက "မုံတိုင်ပင်ရွာမှာတော့ လူနေအိမ် ၂၉ လုံးမီးလောင်သွားတယ်။ မုံတိုင်ပင်ရွာထဲက အခုလက်ရှိ ရှာလို့ရတဲ့အခြေအနေက ပထမနေ့မှာ ၁၇ ဦး၊ လက်နက်ကြီးထိတာ ၂ ဦး၊ ၁၃ ရက်နေ့မှာ ထပ်ရှာတော့ ၁၂ ဦးထပ်တွေ့တယ်။ စုစုပေါင်း ၃၁ ဦးတွေ့ပါတယ်"လို့ ပြောပါတယ်။
မီးလောင်ပြင်တွေထဲမှာ ကျန်နေနိုင်သေးတဲ့ရုပ်အလောင်းတွေကို ဒေသခံတွေက ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး သေဆုံးသူတွေဟာ ဘယ်သူတွေဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
မုံတိုင်ပင်ရွာသားတွေ မီးရှို့သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်အသေးစိတ်နဲ့ ပက်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း အခုဖြစ်ရပ်နဲ့ ပက်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အခုလိုသတ်ဖြတ်မီးရှို့နေတာတွေကို ဒေသခံပြည်သူတွေက ကြောက်ရွံ့နေမှာမဟုတ်ဘဲ တော်လှန်ရေးအတွက် တွန်းအားပိုဖြစ်စေတယ်လို့ ရေဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
“တော်လှန်ရေးအခင်းအကျင်းက အဆုံးအထိသွားရမှာပေါ့။ ဒါကတော့ အချုပ်ပေါ့။ ပေးဆပ်ခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေအတွက် ခရီးဆုံးအထိ သွားရမှာပဲ။ လူမဆန်စွာဆောင်ရွက်တယ်။ လူ့အသိစိတ်ပျောက်တယ်။ လူသားချင်းစာနာမှု လုံးဝမရှိဘူး။ လူမဆန်တဲ့စစ်တပ်အတွက် ကျနော်တို့ ပိုပြီးအားထည့်ရမယ်ဆိုတာ ပြောချင်ပါတယ်။ ဒီလိုအစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ကိစ္စကတော့ ရှင်းပါတယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်း ကတည်းက စလာပြီးတော့ သူတို့အာဏာတည်တံ့အောင် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။"
မေလ ၄ ရက်ကနေ ၁၃ ရက်အထိ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်တွေဟာ ရေဦးမြို့နယ်ထဲက ကျေးရွာ ၇ ရွာလောက်ကို အကြမ်းဖက် ဝင်ရောက် မီးရှို့တာတွေကို ဆက်တိုက်ပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးမြို့နယ် အင်ပင်ရွာမှာအိမ်ခြေ ၁၂ လုံးကို မီးရှို့ဖျက်ဆီးခံရပြီး၊ ဆီဆုံရွာမှာနေအိမ် ၇ လုံး၊ ပေကြီးရွာမှာ နေအိမ် ၇၅ လုံး၊ နှောကုန်းရွာမှာ အိမ် ၉ လုံး၊ ချမ်းသာရွာမှာ အိမ် ၂၁ လုံး၊ သံသည်ရွာမှာ အိမ် ၂ လုံးနဲ့ မုံတိုင်ပင်ရွာမှာ အိမ် ၂၉လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ဒါ့အပြင် ဒေသခံရွာသားတွေပိုင်ဆိုင်တဲ့ အိမ်မွေးတိရစ္ဆာန်တွေ၊ မျိုးစပါးတွေ၊ ဆိုင်ကယ်တွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းတွေလည်း အများအပြားပျက်စီးဆုံးရှုံးခဲ့ပါတယ်။