ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ မေ ၁၃ ရက် ဒီမနက်ပိုင်းက မြို့ပေါ် ရပ်ကွက် နေရာ ၂ ခုမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
မြို့နယ်စည်ပင်ရုံးက ကားထားတဲ့နေရာနဲ့ ရဲစခန်းရှေ့က ထရန်စဖော်မာတွေမှာ မနက် ၅ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၅ နာရီလောက်မှာ ၂ လုံးဆင့်ကွဲတာ အသံကတော့ အကျယ်ကြီးကြားရတယ်။ လူထိခိုက်တာမျိုးတော့ မရှိဘူး စည်ပင်ရုံးက ကားတွေတော့ ထိသွားတယ်ကြားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီအလိုကျ စည်ပင်ဝန်ထမ်းတွေက ပြည်သူတွေအပေါ် အခွန်အတင်းအဓမ္မ ကောက်ယူနေတာကြောင့် ခုလိုဖောက်ခွဲခံရတာဖြစ်နိုင်တယ်လို့ ဒေသခံကဆိုပါတယ်။
ရဲစခန်းရှေ့နဲ့ စည်ပင်ရုံးကို ဗုံးဖောက်ခွဲတာဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ Red Dragon Revolution Force ပြောဆိုပြီး ရဲစခန်းနဲ့ ဌာနဆိုင်ရာ ရုံးတွေကို မသွားဖို့ အဖွဲ့ဝင်တဦးက သတိပေး ပြောဆိုထားပါတယ်။
“ကျနော်တို့အနေနဲ့ စစ်ကောင်စီဒေါက်တိုင်မှန်သမျှကို တိုက်ခိုက်သွားမှာပါ။ ပြည်သူတွေအနေနဲ့ လည်း စစ်တပ်၊ ရဲနဲ့ စခန်းတွေ ရုံးတွေနား နီးနီးကပ်ကပ်မနေဖို့ သတိပေးချင်ပါတယ်။”
ဗုံးဖောက်ခွဲခံရတာကြောင့် စည်ပင်ရုံးက ကား ၂ စီးနဲ့ အုတ်တံတိုင်းတွေ ပျက်စီးခဲ့ပြီး ရဲစခန်းရှေ့ မှာလည်း အနည်းငယ်ပျက်စီးခဲ့ပါတယ်။
ဗုံးပေါက်ကွဲပြီး မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ဩဇာခံရဲတွေက မြို့ထဲအင်အား အများ အပြားနဲ့ ကင်းပတ်နေသလို ပိတ်ဆို့စစ်ဆေးခဲ့ပါတယ်။