မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိရဲ့ သားဖြစ်သူ ကိုသဲဟိန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက် ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုသဲဟိန်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက မေ ၁၁ ရက်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ရှေ့နေတဦးဖြစ်တဲ့ ကိုသဲဟိန်းကို စစ်ကောင်စီက သံဖြူဇရပ်မြို့နယ်ရှိ စစ်တပ်တခုရဲ့ စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းနေပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်သွားဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေ အဆိုအရ သိရပါတယ်။
မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ မွန်ပြည်နယ်လွှတ်တော်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သံဖြူဇရပ်မြို့ နေအိမ်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေးမူနဲ့ သားဖြစ်သူ ကိုနေဖြိုးဇံတို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာ နေအိမ်မှာ လာရောက် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၅ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။