ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ) တပ်မဟာ ၄ ၊ တပ်ရင်း ၈ နမ်းဖတ်ကာဒေသ ဟူနောင်ရွာအထက်မှာ မေ ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်က စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားပါတယ်။
ကွတ်ခိုင်ကနေတက်လာတဲ့ စစ်ကောင်စီ တပ်မ ၉၉ လက်အောက်က စစ်ကောင်စီတပ်သားတွေ ဟူနောင်ရွာအထက် ပတ်ဝန်းကျင်တွေမှာ စစ်ကြောင်းထိုး လှုပ်ရှားသွားလာရာမှ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၅ ယောက်လောက် သေဆုံးပြီး ကွတ်ခိုင်မှာထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ တပ်တွေက တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ညနေ ၇ နာရီအထိ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အသံတွေကြားနေရတယ် ဒေသခံတယောက်က ပြောပါတယ်။
မေ ၁၁ ရက် ညနေ ၄ နာရီဝန်းကျင်ကလည်း ကေအိုင်အေ တပ်မဟာ ၉၊ တပ်ရင်း ၂၆ ဒေသ နမောဘွမ်ကနေ ခြေလျင်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ရှိတဲ့ စစ်ကြောင်းကို နာမောရွာထိပ်မှာ ကေအိုင်အေတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၄ ယောက် ဒဏ်ရာရပြီး ၂ ယောက် သေဆုံးခဲ့ပါတယ်။