ဝါရှင်တန်ဒီစီကိုရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ မေလ ၁၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံမှုမှာ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီက အာဏာသိမ်းစစ်ကောင်စီရဲ့ ကြမ်းတမ်းရက်စက်တဲ့ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် အခိုင်အမာ ထောက်ပံ့ ကူညီသွားမှာ ဖြစ်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်တည်ဆောက်ရေးအတွက် အားပေး ဖေးမသွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အာဆီယံအပါအဝင် တခြား မိတ်ဖက်နိုင်ငံတွေနဲ့ အနီးကပ် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းကို ဖြစ်စေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကိုလည်း ရှုတ်ချကာ မြန်မာနိုင်ငံက လိုအပ်နေသူအားလုံးအတွက် အဟန့်အတားမရှိ လူသားချင်းစာနာထောက်ထားမှု လက်လှမ်းမှီနိုင်ဖိုအမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ပါတယ်။
NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ဝါရှင်တန်ဒီစီမှာ ရောက်ရှိနေစဉ်အတွင်း RFA သတင်းဌာနရုံးချုပ်ကိုလည်း အမေရိကန်အစိုးရရဲ့ လုံခြုံရေးအစီအစဉ်အပြည့်နဲ့ လာရောက်ပြီး အင်တာဗျုးဖြေဆိုခဲ့ကြောင်း သတင်းမှာဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့မှာ မေ ၁၂ ရက်နေ ၁၃ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲကျင်းပနေချိန်မှာ ဒေါ်ဇင်မာအောင်ဟာ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေ၊ လွှတ်တော်အမတ်တွေအပြင် အာဆီယံခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။