သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်အပေါ် စစ်ကောင်စီက တရားစွဲထားတဲ့မှု မေ ၁၂ ရက်က ဆက်လက်ရုံးထုတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေအားလုံးကို စစ်ဆေးပြီးလို့ လာမယ့်ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဘက် လျှောက်လဲချက်ပေးရမယ် လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
စီးပွားရေးပညာရှင် ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေနဲ့စွဲဆိုထားပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁ (ဂ)အမှုမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း)တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်တဲ့ နောက်ရုံးချိန်းကို မေလ ၂၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်ပါတယ်။
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးတဲ့ နိုင်ငံခြားသားတော်တော်များများကို နှစ်နိုင်ငံချစ်ကြည်ရေးကိုထောက်ရှုပြီး လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်ကိုတော့ အခုအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။