စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ မေ ၁၁ ရက် မနက်ပိုင်းက နဘူးတောကျေးရွာက နေအိမ်အဆောက်အအုံများကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ ၁ ဦးကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နဘူးတောကျေးရွာဘက်ကို မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်ရှိလာခဲ့ပြီး ကျေးရွာရဲ့အစွန်ဆုံးမှာနေထိုင်ကြတဲ့ ပြည်သူ ၆ ဦးပိုင် နေအိမ် ၁၄ လုံးနဲ့ ဆိုင်ကယ် ၂ စီးတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျေးရွာလုံခြုံရေးအတွက် ကင်းစောင့်နေတဲ့ အသက် ၃၅ နှစ်အရွယ်ရှိ ကိုအောင်ထွန်း ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားခဲ့တယ်လို့ ပြောပါတယ်။
အခုလိုလုပ်ဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့များဟာ ဘန့်ဘွေးရွာမကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့အဖွဲ့ဖြစ်ပြီး နဘူးတောကျေးရွာဘက်ကိုမရောက်ခင် လမ်းခုလပ်တနေရာမှာ PDF အဖွဲ့တဖွဲ့နဲ့ မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နဘူးတောကျေးရွာမှာ အိမ်ခြေ ၄၅၀ လောက်ရှိပြီး အခုတကြိမ်ဟာ ဒုတိယအကြိမ် ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။