မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ဆိပ်ဖြူ-ကျောက်ကြီး လမ်းပေါ်မှာ မေ ၁၁ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီလက်အောက်ခံ ရဲကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ယောက် သေဆုံးကာ ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဆိုင်မွန်က ဒီဗွီဘီကို ပြောပါတယ်။
"အဲဒီရဲကား ၃ စီးထဲက ကားတစီးကတော့ သုံးမရအောင် လုံးလုံးပျက်စီးသွားတယ်ဗျ။ ကျနော်တို့ဘက်က ရဲဘော်တွေကတော့ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်တာဖြစ်လို့ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။"
NSP အနေနဲ့ ဘယ်လိုအခက်ခဲတွေ ရှိနေပါစေ ပြည်သူလူထုရဲ့ ခွန်အားတွေနဲ့ အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်သူတွေ အနေနဲ့လည်း တတ်နိုင်တဲ့ နေရာကနေ ပူးပေါင်းပါဝင်ပေးကြပါလို့ တောင်းဆိုထားပါတယ်။
ရှေ့ဆက်ပြီး တိုက်ပွဲတွေ အရှိန်ဟုန်မြှင့်သွားမှာဖြစ်လို့ စစ်အုပ်စုရဲ့ ဒေါက်တိုင်တွေနဲ့ သူတို့နဲ့နီးစပ်တဲ့ နေရာတွေကို ရှောင်ရှားကြဖို့ကိုလည်း သတိပေးထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။