ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ အကျဉ်းထောင်မှာ စစ်ကောင်စီ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသူ ၁ ဦး မေ ၁ ရက်က သမီးမိန်းကလေး မွေးဖွားခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“သူ့ယောကျ်ားနဲ့အတူ အဖမ်းခံရတာ၊ ၂ ယောက်လုံးက ပုသိမ်ထောင်မှာပဲ၊ စရောက်တည်းက ကိုယ်ဝန်ပါလာတာ၊ ကလေးရော အမေရော ကျန်းမာပါတယ်။”
အမျိုးသားဖြစ်သူနဲ့အတူ စက်တင်ဘာလက စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ခံခဲ့ရတဲ့ ကန်ကြီးထောင့်မြို့နယ် နေထိုင်သူ မထက်ထက်ဟာ ဖမ်းဆီးခံရပြီး ၈ လအကြာမှာ အကျဉ်းထောင်ထဲ ကလေးမွေးဖွားခဲ့တာလို့ အကျဉ်းထောင်အသိုင်းအဝိုင်းက သိရပါတယ်။
အကျဉ်းထောင်မှာ ကလေးမီးဖွားခဲ့တဲ့ မထက်ထက်နဲ့ အမျိုးသားကို စစ်ကောင်စီက PDF တပ်ဖွဲ့တွေနဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး မထက်ထက်ကို အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ တရားစွဲထားပြီး အမျိုးသားကို ၅၀ (ည) အပြင် ၅၂ (က) နဲ့ပါ တရားစွဲထားတာလို့ ဆိုပါတယ်။
ပုသိမ်ခရိုင်ထဲက မြို့နယ်တွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းမိတဲ့အခါ စစ်ကောင်စီက ပုသိမ်အကျဉ်းထောင် ပို့လေ့ရှိပြီး လက်ရှိအချိန်ထိ ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၇၀ ကျော်နဲ့ အကျဉ်းသူ ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။