စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ မေ ၁၁ ရက် ညနေ ၄ နာရီလောက်က ပြည်သူပိုင် နွားတွေကို လာရောက်ခိုးယူခဲ့တဲ့ ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းကင်းမြို့နယ် တောင်လက်ဒေသ ကူလဲကျေးရွာမှ ပျူစောထီးအဖွဲ့ဟာ အထက် စသာရွာအနီးရှိ ရွာသားတွေရဲ့နွား ၂ ကောင်ကို ခိုးယူသွားတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ပျူစောထီး တယောက် သေဆုံးခဲ့သလို ခိုးယူသွားခံရတဲ့ နွားတကောင်းလည်း သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ တိုက်ခိုက်ရေးမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မင်းကင်းမြို့နယ်မှာ မေ ၁၀ ရက်နေ့ကလည်း တောင်တွင်းဒေသ ကျော်ရွာကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာတွေရှိခဲ့သလို ဒီမနက်ပိုင်း ၅ နာရီလောက်မှာလည်း စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။
ကနီ၊ ယင်းမာပင်၊ တောင်တွင်းဒေသ (ပကဖ)အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို မသိရသေးဘဲ PDF အဖွဲ့ဘက်ကတော့ ယင်းမာပင် ရွှေတြိဂံအဖွဲ့မှ ရဲဘော် ၂ ယောက် (မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။