တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုစိုးသက်ထွဋ်ကို စစ်ကောင်စီက မေလ ၉ ရက်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။
မြိတ်မြို့မှာ နေထိုင်တဲ့ ကိုစိုးသက်ထွဋ်ကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ညပိုင်းက နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေးမှာ တစ်ရက်ကြာပြီးတဲ့နောက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ မြိတ်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပြီး ဒုတိယမြောက်ရုံးချိန်းမှာတော့ အခုလို ထောင်တွင်း သီးသန့် တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီလ အတွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာတွေအပြင် နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ပိုစ့်တွေကို လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ဝေမျှခဲ့လို့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာလို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။
လက်ရှိ မြိတ်အကျဉ်းထောင်ထဲမှာ မိသားစုနဲ့တွေ့ဆုံခွင့်မရရှိသလို ကိုစိုးသက်ထွဋ်က နှလုံးကျန်းမာရေး မကောင်းတာကြောင့် မိသားစုဝင်တွေအနေနဲ့ စိတ်ပူနေကြပါတယ်။