Home
မြန်မာသတင်း
တောင်ဒဂုံတွင် မြေဂရန်အတုများဖြင့် မြေကွက်ရောင်းစားနေ၊ တိုင်ကြားသော်လည်း ရဲစခန်းက အရေးမယူ
DVB
·
May 9, 2022
South Dagon

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ အမည်ပေါက် အချက်အလက်မှန် အပြည့်အစုံနဲ့ မြေဂရန် ပါမစ်အတု ထုတ်ပြီး ကျပ်သိန်းရာကျော်တန် မြေကွက်တွေကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးနဲ့ ပွဲစားတွေပူးပေါင်းပါဝင်တဲ့ လူတစုက အုပ်စုဖွဲ့ပြီး ရောင်းချနေတယ်လို့ မြို့နယ်အတွင်း နေထိုင်သူတွေက ပြောပါတယ်။

ပါမစ်အတုထုတ်ပြီး ရောင်းချတဲ့နေရာမှာ  အိုးအိမ်ဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်း၊ စည်ပင်ဝန်ထမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပွဲစား တို့ပါဝင်ကာ အုပ်စုလိုက်ဖွဲ့ပြီး လိမ်လည်ရောင်းချမှု ရှိနေတာပါ။ အဆိုပါလိမ်လည်ရောင်းချမှုကြောင့် နစ်နာခဲ့ရတဲ့သူတွေရဲ့ အရေအတွက်ကလည်း အခုနောက်ပိုင်း ပိုများလာတယ်လို့ တောင်ဒဂုံမြို့နယ်အတွင်း နေထိုင်သူတွေက ဆိုပါတယ်။

တောင်ဒဂုံမြို့နယ်မှာ နှစ် ၂၀ ကျော် နေထိုင်ခဲ့တဲ့ သူတဦးက  “ရပ်ကွက်တွေထဲမှာ ပိုင်ရှင်က လာမကြည့်ဘဲနဲ့ ထားထားတာ နှစ် ၂၀၊ ၃၀ နီးပါးရှိတဲ့ မြေကွက်တွေ ရှိတယ်။ အဲဒီအကွက်တွေကို အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီးတော့ ခြံစည်းရိုး၊ အုတ်တိုင်ခတ်ပြီး ရောင်းတာ။ အဲ့မှာ ပြောစရာ ထပ်ရှိတာက အိုးအိမ်က မူရင်းထုတ်ပေးတဲ့ ပါမစ် အမည်ပေါက်မှာ ပါရှိတဲ့ အချက်အလက်တွေနဲ့ တပုံစံတည်း နောက်တစောင် ထပ်ထုတ်ပြီးတော့ သူတို့က ရောင်းတာ။ ဒါပေမဲ့ သိတာတဲ့ အချက်အလက်တခုက ဓာတ်ပုံကို စစ်ကြည့်မှ သိတာနော်။ ဘာလို့သိတာလဲဆို အဲ့ဒီ့ မြေကွက်ပါမစ်တွေကို ထုတ်ပေးတဲ့အချိန်က ၁၉၉၆၊ ၁၉၉၇ ခုနှစ်တုန်းက ထုတ်ပေးထားတာ။ အဲဒီအချိန်တုန်းက ဓာတ်ပုံစာရွက်အသားက အမှောင်ခန်းထဲမှာ ဖလင်ဆေးပြီး ကူးရတဲ့ ဓာတ်ပုံစာရွက်သားပေါ့။ ဒါပေမဲ့ သူတို့ ထုတ်ပေးတာက အဲဒီလိုပုံစံမျိုး မဟုတ်ဘဲနဲ့ ကာလာပရင်တာနဲ့ ပြန်ထုတ်ထားတာ။ ဒါကို ဓာတ်ပုံသမားလောက်ပဲ သိနိုင်တာနော်။ ဒီအကွက်တွေကို ထုတ်ရောင်းတာက  အိုးအိမ်ဦးစီးဌာနက အငြိမ်းစားဝန်ထမ်း၊ စည်ပင်ဝန်ထမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပွဲစားတွေပါတယ်။ သူတို့က အုပ်စုလိုက် ဖွဲ့ပြီးတော့ ပေါင်းပြီးတော့ ပါမစ်အတုတွေ ထုတ်ပြီး ရောင်းစားနေတာ။ အလိမ်ခံလိုက်ရတဲ့သူတွေ အများကြီးဘဲ။ သိန်းကို ရာနဲ့ချီပြီး ရှိစုမဲ့စု စုဆောင်းထားတဲ့ သူတွေလည်း အလိမ်ခံရတဲ့အထဲမှာ ပါသွားကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းနဲ့ နီးစပ်တဲ့သူတဦးကလည်း “ကျနော်နဲ့သိတဲ့ ပွဲစားကြီးတွေကို မေးကြည့်တော့ အဲဒီအုပ်စုလိုက်ဖွဲ့ထားတဲ့သူတွေက ရပ်ကွက်တိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အပိုင်ပေါင်းထားတာ။ သူတို့အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မြေကွက် တကွက်အတွက် သိန်း ၅၀ လောက် ပေးပစ်တာနော်။ အိုးအိမ်က သူကို သိန်း ၂၀ လောက်ပေးတယ်။ စည်ပင်က သူကို ၁၀ သိန်း ပေးလိုက်တယ်။ အဲဒီလိုမျိုးနဲ့ သိန်း ၁၀၀ လောက် အမ်းပစ်လိုက်တာ။ ပြီးတော့ သူတို့က မြေတကွက်ကို သိန်း ၃၀၀ လောက်နဲ့ ထုတ်ရောင်းတာ ဆိုတော့ သူတို့အတွက် သိန်း ၂၀၀ လောက် ကျန်တာပေါ့နော်။ ဒီပြဿနာက ဒီ ၂ လ၊ ၃ လ အတွင်းမှာ ခပ်စိပ်စိပ် ဖြစ်လာတာ။ အမှန်တကယ်က ရပ်ကွက်တွေထဲမှာလည်း ပွဲစားတွေ ရှိတာပဲလေ။ ဒါပေမဲ့ ပွဲစားတွေကလည်း အဲဒီအုပ်စုလိုက်ဖွဲ့ပြီး လိမ်နေတဲ့သူတွေ ရောင်းတဲ့ အကွက်တွေကို သူတို့ မပြောရဲဘူး။ ဘာလို့ဆို သူတို့အတွက် အန္တရာယ်ရှိတာကိုး။ ဒါကြောင့် သူတို့ကလည်း မသိချင်ယောင်ဆောင်နေရတယ်။ တကယ်လို့ တောင်ဒဂုံဘက်မှာ အိမ်ဆောက်ဖို့အတွက် မြေကွက် ဝယ်မယ်ဆိုရင် မစဉ်းစားသင့်တော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း အလိမ်ခံလိုက်ရတဲ့သူတွေက တောင်ဒဂုံမြို့နယ်ရဲစခန်းမှာ ဂရန်အတုမြေကွက်နဲ့ပတ်သတ်ပြီး အမှုဖွင့်တိုင်ကြားထားတာ အမှုပေါင်း ၂၀ ကျော်ရှိပြီဖြစ်ပေမဲ့ ရဲစခန်းက တစုံတရာ အရေးယူဆောင်ရွက်တာ မရှိသေးပါဘူး။

အရောင်းအဝယ်ဖြစ်ခဲ့တဲ့နေရာတွေက တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ ၅၃၊ ၅၄၊ ၅၅၊ ၆၅၊ ၆၉၊ ၈၃၊ ၈၄၊ ၈၅၊ ၁၀၄၊ ၁၀၆၊ ၁၄၆၊ ၁၄၇ နဲ့ ၁၄၉ ရပ်ကွက်တွေမှာ ပါမစ်အတုနဲ့ မြေကွက်လွတ်တွေကို အုပ်စုဖွဲ့ပြီး လိမ်လည်ရောင်းချခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024