ရှမ်းနဲ့ ကယားပြည်နယ်မှာရှိတဲ့ ကရင်နီစစ်ဘေးရှောင်စခန်းအများစုမှာ ယင်လုံအိမ်သာတွေမရှိလို့ ကျန်းမာရေးထိခိုက်မှုတွေ ရှိနေတာကြောင့် ယင်လုံအိမ်သာတွေ ကူညီပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
“ကျနော်ဆီက စစ်ဘေးရှောင်စခန်းအများစုမှာက ယင်လုံအိမ်သာတွေ လိုနေတယ်။ အိမ်သာကော်ခွက်တွေနဲ့ ဆောက်ပေမယ့် အကာရှိပြီး အမိုး သိပ်မရှိတာကြောင့် ယင်က လုံသင့်သလောက်မလုံလို့ ယင်ပေါက်ဖွားတာရှိတယ်။ အစားအသောက်ကို လာနားတာတွေရှိတော့ ယင်နားစာတွေ စားနေရတယ်” လို့ စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောပါတယ်။
ရှမ်း-ကယားနယ်စပ် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်းမှာရှိတဲ့ ကရင်နီစစ်ဘေးရှောင်စခန်း တချို့မှာတော့ ကလေးသူငယ်တွေ ၀မ်းဖော ၀မ်းရောင်ရောဂါ ဖြစ်နေပါတယ်။
စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ပရဟိတဆရာမတဦးက "ဒီလပိုင်းအတွင်း ကလေးငယ်တွေ ၀မ်းပျက်လို့ ကျမဆေးပေးခန်းကို လာပြတာရှိတယ်။ စစ်ရှောင်စခန်းတွေက လူဦးရေကများပြီး မသန့်ရှင်းတဲ့ရေနဲ့ အစားအသောက်ကို နေ့စဥ်စားသောက်နေရတာကြောင့် ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ခုခံကာကွယ်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံ၊ ဖရူဆို၊ ဖယ်ခုံ၊ မိုးဗြဲမြို့တွေက သိန်းနဲ့ချီတဲ့ ပြည်သူလူထုတွေက အိုးအိမ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။