မကွေးတိုင်း ပခုက္ကူမြို့မှာ မေ ၈ ရက် မနက်ပိုင်းက ဆိုင်ကယ် ၂ ယောက်အတူစီးလာတဲ့ အမျိုးသား ၂ ယောက်ကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက သေနတ်နဲ့ လိုက်လံ ပစ်ခတ်တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက် မြို့ပတ်လမ်းမှာ ဒီကနေ့ မနက် ၉ နာရီခွဲလောက်က ဆိုင်ကယ်အတူစီးလာတဲ့ လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက သေနတ်နဲ့ လိုက်ပစ်လို့ ထိခိုက်ဒဏ်ရာရရှိကာ ပခုက္ကူပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက်က ဒေသခံတစ်ယောက်က ပြောပါတယ်။
“လူငယ်တွေစီးလာတဲ့ CZI ဆိုင်ကယ်ကို မက်တူးကားပေါ်ကနေ သေနတ်နဲ့ လိုက်ပစ်ကြတာ။ သီတာလမ်းပေါ်ရောက်တဲ့အချိန် သေနတ်ကျည်မှန်ပြီး ဆိုင်ကယ်ရော လူရော လဲကျသွားတယ်။ ပါလာတဲ့ ပစ္စည်းတွေလည်း လမ်းပေါ်မှာ ပြန်ကြဲကျကုန်တယ်။ အဲဒီနောက် စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေရောက်လာပြီး သေနတ်မှန်ထားတဲ့ လူငယ် ၂ ယောက်ကို စစ်ဖိနပ်နဲ့ ဆောင့်ကန်ပြီး ကားပေါ်တင်သွားကြတယ်။”
သေနတ်နဲ့ပစ်ခံရတဲ့ လူငယ် ၂ ယောက်ဟာ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တာဖြစ်ပြီး စစ်ကောင်စီခန့် အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပတ်ကင်းပတ်တဲ့အချိန်မှာ ဆိုင်ကယ် ၂ ယောက် အတူစီးလာတာတွေ့လို့ သေနတ်နဲ့ လိုက်ပစ်ခံရကာ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ဆေးရုံပေါ်မှာလည်း စစ်ကောင်စီရဲ့ ရဲတွေ အစောင့်ချထားပြီး အဲဒီလူငယ် ၂ ယောက်ကို စစ်ကောင်စီက အမှုဖွင့်မယ်လို့ ခန့်မှန်းရပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။
“ဆိုင်ကယ်ဆိုတာ ၂ ယောက်မစီးဖို့ ထုတ်ထားတာဗျ။ဘယ်နိုင်ငံမှာမှ ဒီလို ဥပဒေမရှိဘူး။ သူတို့ အာဏာသိမ်းထားတဲ့ အချိန်မှာ သူတို့ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့သဘောပဲ။ ပြည်သူတွေအနေနဲ့ လည်း အသွားအလာကို အစစအရာရာ ဂရုစိုက်ဖို့ လိုနေပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။
အမျိုးသား ၂ ယောက် ဆိုင်ကယ်တစီးတည်းအတူ မစီးကြဖို့ စစ်ကောင်စီက ဒေသန္တရ အမိန့် ထုတ်ပြန်ကာ လိုက်လံ ကြေညာထားပြီး အမျိုးသား ၂ ယောက် ဆိုင်ကယ်အတူစီးလာရင် မကြာခဏ လိုက်လံပစ်ခတ် ဖမ်းဆီးနေတယ်လို့ သိရပါတယ်။