ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ မေ ၇ ရက် ညနေပိုင်းမှာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ည ထုတ်ပြန်ပါတယ်။
မုန်တိုင်းငယ်ဟာ မေ ၈ ရက် ညနေပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ မေ ၁၀ ရက်မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်း ကမ်းလွန်- ဩရိဿကမ်းခြေ)သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာ့ပင်လယ်ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တခါတရံ မိုးသက်လေပြင်းကျ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့သိရပါတယ်။
ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေမှ ၁၀ ပေ လောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မနက်ဖန် ဧရာဝတီတိုင်း၊တနင်္သာရီတိုင်၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်းမှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်း ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်း ၈၀ ရှိမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။