Home
မြန်မာသတင်း
စစ်ကောင်စီ နပခတိုင်းမှူးကို အေအေ စစ်ဦးစီးချုပ် သတိပေး
DVB
·
May 6, 2022
279321410_737395497282846_5575246051089028068_n

စစ်ကောင်စီတပ်တွေအနေနဲ့ ဧပြီလနဲ့ မေလအတွင်း ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးပျက်ပြားစေမယ့် အပြုအမူတွေကို ဆက်တိုက်ပြုလုပ်လာပြီးနောက်  ရက္ခိုင့်တပ်တော် (အေအေ) စစ်ဦးစီးချုပ်က  မေ ၆ ရက်မှာ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်စာမျက်နှာကနေ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို သတိပေးစာ ရေးသားလိုက်တယ်လို့ နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။

"စစ်ကောင်စီက ဧပြီလနဲ့ မေလမှာ ရခိုင်မှာ နေရာအတော်များများက အေအေနဲ့ ပတ်သက်ဆက်နွှယ်သူ ရခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်တွေကိုပါ ဖမ်းဆီးတာတွေ များလာနေတယ်။ ဒါကြောင့် ဒီနေ့မနက်မှာ အေအေတပ်ချုပ်က သူရဲ့ တွစ်တာမှာ နပခတိုင်းမှူး ထင်လတ်ဦးကို သတိပေးတဲ့စာတခု ရေးတင်လိုက်တာ ဖြစ်နိုင်တယ်လို့ ထင်မိတယ်။"

အေအေစစ်ဦးစီးချုပ်ရဲ့ လူမှုကွန်ရက်မှာတော့ "ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့၊ အာရုံနောက်နေပြီ။ ငြိမ်းချမ်းရေး ဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာထိ တက်ကြိတ်ပလိုက်မှာနော်" လို့ ရေးသားထားတာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေက အေအေနဲ့ ဆက်စပ်မှုရှိတယ်လို့ အကြောင်းပြပြီး ဧရာဝတီတိုင်းမှ ရခိုင်တိုင်းရင်းသား ၄၀ ကျော်ကို ဧပြီလအတွင်း ဖမ်းဆီးခဲ့သလို မေ ၃ ရက်နဲ့ ၄ ရက်နေ့တွေကလည်း စစ်တွေမြို့ရှိ မွတ်ဆလင် ၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဟာ အမ်းမြို့မှာ အခြေစိုက်တဲ့ တပ်မတော် တိုင်းစစ်ဌာနချုပ်တခုဖြစ်ပြီး အဓိကတာဝန်မှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တောင်ဘက်ရှိ ဒေသတွေနဲ့ သူတို့နဲ့ထိစပ်နေတဲ့ နေရာဒေသတွေရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိက တာဝန်ယူဆောင်ရွက်ရတဲ့ တိုင်းစစ်ဌာနချုပ် ဖြစ်ပါတယ်။

လက်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်းဆောင်နေသူဟာ ကြည်း ၂၅၀၉၉၊ ဗိုလ်ချုပ်ထင်လတ်ဦးဖြစ်ပြီး သူဟာ အရင်က စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးလည်း ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024