ရခိုင်ပြည်နယ်၊ မောင်တောဒေသမှ အစ္စလာမ်ဘာသာဝင် လူငယ်တွေဟာ အိဒ်ပွဲတော်ကို လွတ်လွတ်လပ်လပ် ကျင်းပနေကြတယ်လို့ မောင်တောမြို့မှ အစ္စလာမ်ဘာသာဝင် လူကြီးတဦးက ပြောပါတယ်။
“ဟုတ်ပါတယ်။ ကျနော်တို့တွေ အရင်နှစ်တွေကဆို အခုလို လွတ်လပ်စွာ ကားတွေနဲ့ ကခုန်ပြီး သွားလာ လည်ပတ်ခွင့် မရကြပါဘူး။ ကိုဗစ်နဲ့လည်း ပါတာပေါ့လေ။ ဒါပေမဲ့ လွတ်လပ်စွာ မပျော်ခဲ့ကြရဘူး။ ဒီမှာတော့ လူငယ်တွေ တအားပျော်နေကြတာ တွေ့ရတယ်။”
မောင်တောဒေသမှာ အစ္စလာမ်ဘာသာဝင်တွေဟာ အခုအချိန်အထိ လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ခံထားရဆဲ ဖြစ်သလို နိုင်ငံသားအခွင့်အရေးတွေပါ အစိုးရ ခေတ်အဆက်ဆက်က ကန့်သတ်ချက်တွေ၊ ဖိနိပ်မှုတွေနဲ့ နေထိုင်လာခဲ့ကြရတာလည်း ဖြစ်ပါတယ်။
“သူတို့တွေလည်း ပျော်ချင်ကြမှာပေါ့။ ဟိန္ဒူဘာသာတွေ ပွဲတော်တွေနဲ့ ဗုဒ္ဓဘာသာ ပွဲတော်တွေမှာ လူငယ်တွေ ကကြခုန်ကြ ကားတွေနဲ့ လွတ်လပ်စွာ လည်ပတ်ကြတယ်လေ။ အစ္စလာမ်ဘာသာဝင် လူငယ်တွေလည်း လူသားတွေပဲလေ၊ လွတ်လပ်စွာ ပျော်ပါးခွင့်ရှိပါတယ်” လို့ မောင်တောဒေသခံ မြို့မိမြို့ဖတဦးက ဆိုပါတယ်။
မောင်တောဒေသမှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး အစ္စလာမ်ဘာသာဝင် လူမျိုး ၆ သိန်းကျော် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြရပြီး နောက်ပိုင်း အဲဒီဒေသက အစ္စလာမ်ဘာသာဝင်တွေဟာ ပျော်ရွှင်မှုတွေ ခဝါချပြီး ပူဆွေးသောကတွေနဲ့ နေထိုင်လာခဲ့ကြရတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြို့နယ်အနှံ့အပြားမှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေက မေ ၃ ရက်မှ ၅ ရက်နေ့ထိ အိဒ်ပွဲတော်ကို ကျင်းပကြမှာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုအောက်မှာ မြန်မာပြည်တွင်းက မွတ်စလင်အဖွဲ့အစည်းတွေ အနေနဲ့ အိဒ်ပွဲတော် ကျင်းပတဲ့အခါ နေအိမ်တွေထဲမှာပဲ မိသားစုနဲ့အတူ သိုသိပ်စွာ ကျင်းပဆင်နွှဲကြဖို့ မွတ်စလင် တော်လှန်ရေးအင်အားစုတွေက စာထုတ် တိုက်တွန်းထားပါတယ်။