ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်ထဲမှာ ရွာတရွာက မိသားတစု လက်ဖက်ခူးသွားရင်းအပြန်မှာ မိုးကြိုးစက်ကွင်းမိပြီး မူးလဲကြကာ အသက် ၁၄ နှစ်ရွယ် လူငယ်လေးကတော့ တော်တော်နဲ့သတိမရလို့ ဆေးရုံကို ပို့လိုက်ရပါတယ်။
တော့ဆန်ကျေးရွာအုပ်စု စန့်ဟိန်းရွာက အဆိုပါမိသားစုဟာ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ က တောင်စောင်းမှာ လက်ဖက်ခူးသွားကြပြီး နေ့လယ် ၂ နာရီကျော် အပြန်လမ်းမှာ မိုးတွေရွာ၊ လျှပ်စီးလျှပ်ပြီး မိုးကြိုးပစ်တာကြောင့် မိုးကြိုးစက်ကွင်းမိသွားတာလို့ သွားရောက်အကူအညီ ပေးခဲ့တဲ့ နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲ အသင်းဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့လက်ဖက်ခူးသွားတာ အဖေရယ်၊ အမေရယ်၊ သားရယ် ပြီးတော့ သူတို့အဒေါ်လည်း ပါတယ်။ သားက ရှေ့ဆုံးကနေသွားနေတာ မိုးကြိုးပစ်တော့ သူတို့ မူးလဲသွားကြတယ်တဲ့။ အဖေနဲ့ အမေက ခဏပဲမူးမေ့ပြီး ပြန်ထလာတယ်။ သူတို့သား စိုင်းထွန်းဇော်ကတော့ တော်တော်နဲ့သတိပြန်မရဘူး။ အဲဒါနဲ့ မနေ့က နမ့်ခုံးအသင်းကို ဖုန်းဆက်အကူအညီတောင်းလို့ ကျနော်တို့အဖွဲ့က ကားနဲ့သွားခေါ်လာတယ်။ သူတို့အိမ်ကနေ ကျောက်မဲဆေးရုံကိုခေါ်လာတာ၊ သတိရလိုက် မရလိုက် ယောင်ချာချာဖြစ်နေတယ်။ ဆရာဝန်ပြောတာ အာရုံကြောထိသွားတယ်တဲ့၊ ပြင်ပဒဏ်ရာကတော့ ဘာမှမရှိဘူး။”
ခုတပတ်တွင်း ရှမ်းပြည်နယ်မှာ မိုးသက်လေပြင်းကျတာ၊ လျှပ်စီးလျှပ် မိုးကြိုးပစ်တာကြောင့် နေအိမ်အတော်များများ ခေါင်မိုးလန် ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
တာချီလိတ်မြို့နယ် လွိုင်တော်ခမ်းအုပ်စု စန်းလုကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က နေအိမ် ၁ လုံး မိုးကြိုးပစ်ခံရပြီး မီးလောင်ကျွမ်းသွားခဲ့ပါတယ်။