မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက်မှာ မေလ ၃ ရက် မနက်ပိုင်းက ယူနီဖောင်းဝတ်နဲ့ ဆိုင်ကယ်စီးပြီး သွားလာနေတဲ့ စစ်ကောင်စီ တပ်သားတယောက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ KDDFက သတင်းထုတ်ပြန်ပါတယ်။
ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ KDDF မှ ကိုရာဇာမင်းက “အနီးကပ် လေးချက်ပစ်တာ လေးချက်လုံးထိတယ်။ စစ်ကောင်စီတပ်သားက နေရာမှာပဲသေသွားတယ်။ ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးပြီးသွားလာနေတာ။ ယူနီဖောင်းဝတ်ထားတဲ့ စစ်ကောင်စီ တပ်သားက ဆိုင်ကယ်အနောက်က လိုက်စီးပြီး ရှေ့ကမောင်းတဲ့လူကတော့ သူရဲ့အမျိုးလို့ ထင်ရတဲ့ အမျိုးသမီး တစ်ဦိးလည်း ပါတယ်။ အမျိုးသမီးကိုတော့ မထိခိုက်အောင် ပစ်ခဲ့ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သားက နေရာမှာတင် ပွဲချင်းပြီး သေသွားပြီး ရှေ့ကဆိုင်ကယ်မောင်းသူကတော့ လမ်းသွားလမ်းလာတွေကို အော်ဟစ် အကူအညီတောင်းနေပေမဲ့ ဘယ်သူမှ ကူညီရဲတဲ့လူ မရှိဘူးလို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လမ်းပိတ်စစ်ဆေးနေပေမဲ့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။