Home
မြန်မာသတင်း
ဂန့်ဂေါနှင့်ပေါက်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံ ၂ ဦး၏ နေအိမ်များ ချိပ်ပိတ်ခံရ
DVB
·
May 3, 2022
House Seal at Pauk and Gant Gaw SAC
House Seal at Pauk and Gant Gaw SAC2

မကွေးတိုင်း ဂန့်ဂေါမြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ပေါက်မြို့နယ်က ဒေသခံပြည်သူ ၂ ယောက်ရဲ့ နေအိမ်တွေကို မေ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့နယ် ကျောတိုက်ရပ်ကွက်မှာရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဒေါ်ယဥ်မင်းလှိုင်ရဲ့ နေအိမ်ကို မေ ၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီရဲ့ ရဲတွေနဲ့ လက်ပါးစေတွေ ရောက်လာပြီး ချိပ်ပိတ်သွားကြတယ်လို့ ဂန့်ဂေါမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဒေါ်ယဥ်မင်းလှိုင်ကတော့ စစ်တပ် အာဏာသိမ်းပြီးကတည်းက ဘေးကင်းတဲ့ နေရာမှာ တိမ်းရှောင်နေရတာဗျ။ စစ်အုပ်စုတွေကတော့ သူတို့ လုပ်ချင်တာကို ဥပဒေမဲ့ လုပ်ဆောင်ကြတာ။” 

ပေါက်မြို့ အောင်တံခွန်ရပ်ကွက်က ကိုညွန့်ဇော်ဌေးနဲ့ ကိုဇော်ထက်(ခ)ဇော်ကြီးတို့ရဲ့ နေအိမ်တွေကိုလည်း မေလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီ နိုင်ငံတော်ပိုင်အဖြစ် ချိပ်ပိတ်ခဲ့ကြတယ်လို့ ပေါက်မြို့ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေကတော ဆူပူ အကြမ်းဖက်မှုတွေကို လုပ်ကိုင်ဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဲဒီနေအိမ်တွေကို နိုင်ငံတော်ပိုင်သိမ်းဆည်းပြီး ချိပ်ပိတ်တာလို့ ဖော်ပြထားပါတယ်။

အန်အယ်လ်ဒီအမတ်တွေ၊ ပါတီဝင်တွေနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီက ချိပ်ပိတ်ရုံတင်မက ရောင်းစားဖို့အထိ ပြင်ဆင်လာတာဟာ တည်ဆဲဥပဒေတွေနဲ့ ညီညွတ်မှုမရှိဘူးလို့  ဥပဒေပညာရှင်တွေက ပြောဆိုထားပါတယ်။

စစ်ကောင်စီက ၂၀၂၂ မတ် ၁၈ ရက်နေ့အထိ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေရဲ့ နေအိမ်နဲ့လုပ်ငန်းအဆောက်အဦ စုစုပေါင်း ၂၈၀ ကျော်ကို ချိပ်ပိတ်ခဲ့တယ်လို့ NLD က သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024