ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ ပွင့်လင်းအေးမြိုင်ကျေးရွာမှာ မေလ၂ ရက်နေ့ နေ့လယ်ပိုင်းက တောင်ယာသွားတဲ့ ပြည်သူတဦး မြေမြှုပ်မိုင်းနင်းမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငှက်ပျောတောင်သူ ဦးဖြိုးမောင်ဟာ တောင်ယာကိုသွားစဉ် ပွင့်လင်းအေးမြိုင်ကျေးရွာ ပြည်သာယာကျောင်းအနီးမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေတောက်တဖက် ပျက်စီးသွားပြီး တဖက်က အနည်းငယ် ဒဏ်ရာရခဲ့ကာ ပြည်သာယာကယ်ဆယ်ရေးအဖွဲ့က မြဝတီပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်းကို ဘယ်လက်နက်ကိုင်အဖွဲ့က ထောင်ထားတယ်ဆိုတာတော့ မသိရသေးပါဘူး။
ဧပြီ ၃၀ ရက်နေ့ ည ၆ နာရီကျော်လောက်ကလည်း ပွင့်လင်းအေးမြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းထဲကို စစ်ကောင်စီတပ် ခမရ ၂၇၅ က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းတော်ကြီးနှစ်ပါး ဒဏ်ရာရရှိသွားပါတယ်။
မြဝတီမြို့ ပွင့်လင်းအေးမြိုင်ကျေးရွာဘက်တွေမှာ ဧပြီ ၂၉ ရက်နဲ့ ၃၀ ရက်တွေက BGF၊ စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။