ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ဟွေအောအုပ်စုမှာ အခြေပြုတဲ့ UWSA ‘ဝ’ တပ်ဖွဲ့(၁၇၁) စစ်ဒေသမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဧပြီ ၂၉ ရက်က အာဏာသိမ်းစစ်ကောင်စီတပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေး ၄၁၉၂၀၀၀ ပြား၊ AK အမျိုးအစားမောင်းပြန်သေနတ် တလက်နဲ့ ကျည်တချို့ကို စစ်ကောင်စီတပ်ထံ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းက ထုတ်လုပ်ဖြန့်ဖြူးတဲ့ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ဟွေအောဒေသကနေတဆင့် ထိုင်းနိုင်ငံကို တင်ပို့တာတွေရှိနေတာကြောင့် ဌာနေတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ဖမ်းဆီးပြီး စစ်ကောင်စီတပ်ကို မကြာခဏ အပ်နှံတာရှိပြီး အခုအကြိမ်ဟာ ၁၉ ကြိမ်မြောက်ဖြစ်ပါတယ်။