မကွေးတိုင်း၊ မင်းတုန်းမြို့ရှိ မြို့မရဲစခန်းနားမှာ ဆိုင်ကယ် ၂ စီး ဧပြီ ၂၈ ရက်ညက ခိုးယူခံလိုက်ရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
ဆိုင်ကယ် ခိုးသူဟာ စာရင်းရုံးမှာကာထားတဲ့ သံဆန်ခါ (ဇကာ)ကို ဖျက်ပြီး ဆိုင်ကယ် ၁ စီကို ခိုးယူသွားတဲ့အပြင် နောက်ထပ် ဘေးအိမ်က ဆိုင်ကယ်တစီးကိုလည်း ခိုးယူသွားတာလို့ ဒေသခံက ဆက်ပြောပါတယ်။
မင်းတုန်းမြို့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာဖြစ်ပြီး ဒေသခံတွေအနေနဲ့ အပြင်ကို ထွက်ပြီး ခိုးရဲမှာ မဟုတ်ဘူးလို့လည်း ဒေသခံ တယောက်က ပြောပါတယ်။
အခုရက်ပိုင်း မင်းတုန်းမြို့မှာ ဆိုင်ကယ်တွေ မကြာမကြာ ခိုးခံရပြီး ၂ လအတွင်း ဆိုင်ကယ်စီးရေ ၅၀ လောက် ခိုးခံရတယ်လို့ ရဲစခန်းစာရင်းတွေအရသိရပါတယ်။
ဒီလိုခိုးခံရတဲ့ ဆိုင်ကယ်တွေနဲ့ပတ်သက်လို့ ဒေသခံတချို့သာ ရဲစခန်းမှာ အမှုဖွင့်ကြပေမဲ့ ဘယ်သူမှ ပြန် မရကြဘူးလို့ ရဲစခန်းနဲ့နီးစပ်သူတွေက ပြောပါတယ်။