စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တစီးကို ဧပြီ ၂၉ ရက် မနက် ၅ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ ဒေသခံ ပြောက်ကျားတပ်ခေါင်းဆောင်က ပြောပါတယ်။
မြင်းမူမြို့နယ် အရာတော်-ထီးဆောင်းလမ်းမှာ စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့ကာ နှစ်ဖက်အကျအဆုံး ရှိတယ်လို့ မြင်းခြံ Zero ပြောက်ကျားတပ်ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။
“သူတို့ ၁၂ ဘီးကားနဲ့လာတာကို ကျနော်တို့အဖွဲ့ ကြားဖြတ်တိုက်ခဲ့တယ်။ ပစ်တာကတော့ သူပစ်ကိုယ်ပစ်ပဲ။ ကျနော်တို့ဘက်က ၄၀ တွေနဲ့ရော ပစ်ခဲ့တယ်။ သူတို့ဘက်ကတော့ နေရာတင် အယောက် ၂၀ ကျတာ မျက်မြင်တွေ့ရတယ်။ ဆေးရုံမှာ ၁၅ ဦးကျတယ်လို့ သတင်းရထားတယ်။ အထိအခိုက်တွေ များတယ်လို့ ဖရဲသီးက ပြောတယ်။ ကျနော်တို့ဘက်က တယောက်ကျဆုံးတယ်။ နှစ်ဦး မစိုးရိမ်ရဒဏ်ရာ ရခဲ့တယ်။”
မြင်းခြံ Zero ပြောက်ကျားတပ်က ကျဆုံးသွားသူဟာ CDM ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒုခေါင်းဆောင်တယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ကျဆုံးအရေအတွက် ၃၅ ဦးလို့ Zero ပြောက်ကျားတပ်ဖွဲ့က ပြောဆိုပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။
မြေပြင်မှာ စစ်ကောင်စီကို တော်လှန်နေကြတဲ့ အဖွဲ့တွေအတွက် NUG အစိုးရအနေနဲ့ အဆင့်မီလက်နက်တွေ မြန်မြန်ချပေးပါလို့ ဒေသခံ အဖွဲ့ခေါင်းဆောင်တွေက ပြောဆိုနေကြပါတယ်။