စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာမှာရှိတဲ့ နယ်မြေခံရဲစခန်းကို ဧပြီ ၂၈ ရက် က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ဆားလင်းကြီးဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုနေမင်းက "ကျနော်တို့အဖွဲ့က စစ်ကူအနေနဲ့ ၁၂ နာရီလောက်က ဒီပွဲကို ဝင်တိုက်ခဲ့တာဗျ။ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေနဲ့ အဲစခန်းကို တိုက်ခဲ့တယ်။ နောက်ပိုင်း ဒီကောင်တွေ ပုလဲမြို့နယ်ဘက်ကနေ စစ်ကူ ကား ၃ စီး ထပ်ရောက်လာတယ်။ တိုက်ပွဲကတော့ ၅ နာရီခွဲကျော်လောက်မှ သိမ်းခဲ့တယ်။ အကျအဆုံးကတော့ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးနိုင်တယ်လို့ ကျနော်ထင်တယ်ဗျ။ ကျနော်တို့ဘက်ကတော့ တဦး မစိုးရိမ်ရဒဏ်ရာနဲ့ ပြည်သူတဦး မစိုးရိမ်ရဒဏ်ရာ ရရှိတာတွေ ရှိတယ်" လို့ ပြောပါတယ်။
အဆိုပါ ကျားတက်ကျေးရွာက နယ်မြေခံရဲစခန်းကို ဆားလင်းကြီးဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူကာကွယ်ရေးအဖွဲ့၊ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပုလဲမြို့နယ် ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံရွာသားတဦးက "ပစ်နေကြတာတော့ နေ့လယ်ခင်း ၁၂ နာရီလောက်က စတယ်ဗျ။ ကျနော်တို့ရွာသားတွေကတော့ ပြေးသူက ပြေးပေါ့ဗျာ၊ အိမ်ထဲ တံခါးပိတ်နေတဲ့သူက နေကြတယ်။ ဘာတွေဖြစ်ကြမလဲတော့ မသိဘူး" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ကို ဖြိုခွင်းဖို့ ဧပြီ ၂၇ ရက်က မန္တလေးဘက်ကနေ စစ်ကားအစီး ၆၀ နဲ့ မုံရွာ နမခကို ရောက်ရှိလာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။