စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူတွေရဲ့နေအိမ် ၉၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာတွေ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၄ ရက်ကနေ အခုနှစ် ဧပြီ ၂၆ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့တွေက မင်းကင်းမြို့နယ် ကျေးရွာပေါင်း ၂၃ ရွာက ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၉၀၉ လုံး၊ စစ်ရှောင်တဲ ၂၃ လုံး မီးလောင်ကျွမ်းခဲ့သလို ဖျက်ဆီးခံရတဲ့အိမ် ၆၀ လောက်ရှိတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေကြတဲ့ ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲ ယာယီတဲထိုးနေထိုင်ကြရသလို စားသောက်ရေးအပိုင်းမှာလည်း မျှဝေစားသုံးနေကြရကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုရင်လည်း ဆေးဝါးပြည့်စုံမှုမရှိတာနဲ့ ကုသမှုအပိုင်းလည်း အခက်အခဲများရှိကြောင်းနဲ့ စစ်ဘေးသင့်ပြည်သူများနေထိုင်နေတဲ့ ယာယီတဲတွေကလည်း လုံခြုံမှုအားနည်းပြီး ရာသီဥတုဒဏ်ကိုလည်း စစ်ရှောင်ပြည်သူတွေ ခံနေကြရတာကြောင့် အကူအညီလိုအပ်နေတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ဗိုလ်သံလုံးက ပြောပါတယ်။
မင်းကင်းမြို့နယ်မှာ ကျေးရွာအုပ်စု ၆၄ အုပ်စုနဲ့ ကျေးရွာပေါင်း ၁၈၉ ရွာရှိပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာတွေအတွင်း မကြာခဏဝင်ရောက်ကာ ပြည်သူတွေရဲ့ ပစ္စည်းတွေ ယူဆောင်တာ၊ နေအိမ်တွေကို မီးရှို့တာနဲ့ ပြည်သူအချို့ကို သတ်ဖြတ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။