မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက UWSA ‘ဝ’ တပ်ဖွဲ့နဲ့ မိုင်းလားတပ်တို့ ပေါင်းပြီး ဖွင့်လှစ်ထားတဲ့ Harry Potter ( KTV ) ဆိုင်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အဆိုပါရန်ပွဲနဲ့ ပတ်သက်နေတဲ့ လုံခြုံရေး ပုဂ္ဂလိက ကုမ္ပဏီတခုကို တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ စိတ်ကြွဆေးပြား ၈ သန်းနဲ့ လက်နက်တချို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ Maesaipress ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဧပြီ ၂၄ ရက် မနက် ၇ နာရီလောက်က UWSA ‘ဝ’ တပ်ဖွဲ့ဝင် ၁၀ ကျော်ဟာ ခိုက်ရန်ဖြစ်ပွားတဲ့နေရာကို ရောက်လာခဲ့ကြောင်း၊ ဒါကြောင့် တာချီလိတ်က တာဝန်ရှိသူတွေလည်း သွားရောက်ဖြေရှင်းပေးရာမှာ ပြေလည်မှုရသွားပြီး ရန်ဖြစ်သူတွေ လူစုခွဲခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ‘ဝ’ တပ်ဖွဲ့ဝင်က ရန်ပွဲနဲ့ပတ်သက်တဲ့ ဝိန်းကျောက်ရပ်ကွက်ရှိ လုံခြုံရေးပုဂ္ဂလိကကုမ္ပဏီ ဖွင့်ထားတဲ့ နေအိမ်ထဲကို ဆက်လက်ဝင်ရောက်သွားခဲ့ကြောင်း၊ တာချီလိတ် တာဝန်ရှိသူတွေကလည်း ရဲတပ်ဖွဲ့ဝင်နဲ့ စစ်ကောင်စီတပ်သားတချို့ကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
‘ဝ’ တပ်ဖွဲ့က ပြန်လည်ထွက်ခွာပြီးတဲ့နောက် ရဲနဲ့ စစ်တပ်က အဆိုပါနေအိမ်အနီးတဝိုက်ကို စစ်ဆေးရာမှာ စိတ်ကြွဆေးပြား ၈ သန်းနဲ့ ရိုင်ဖယ်သေနတ် ၂ လက် ၊ ပစ္စတို ၂ လက် ၊ ခေတာမင်း မူးယစ်ဆေးတချို့ပါ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ၄၅ ဦး ၊ တရုတ်နိုင်ငံသား ၁ ဦးနဲ့ ထိုင်းနိုင်ငံသား ၁ ဦး အပါအဝင် လူ ၄၈ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
တာချီလိတ်ဒေသခံတစ်ဦးကတော့ လုံခြုံရေးကုမ္ပဏီပိုင်ရှင်ဟာ ဧပြီ ၂၃ ရက်ညက KTV ဆိုင်ကို သွားရောက်ခဲ့ပြီး အဲဒီမှာ ခိုက်ရန်ဖြစ်ပွါးတာလို့ ဒီဗွီဘီကို ပြောပါတယ် ။
“အဲဒီကုမ္ပဏီပိုင်ရှင်က ရဲဝန်ထမ်းဟောင်းပဲ၊ သူ့မှာ တပည့်တွေအများကြီး၊ ၂၃ ရက်ညမှာ သူတို့ ကာရာအိုခေဆိုင်မှာရန်ဖြစ်တာ၊ ဘာကိစ္စနဲ့ ရန်ဖြစ်လဲတော့မသိဘူး၊ ‘ဝ’ တပ်က ပိုင်တဲ့ ဟုန်ပန်းကွင်းထဲမှာဆိုတော့ ‘ဝ’ စစ်သားတွေ လာစစ်တာပေါ့။”
ဟုန်ပန်းကွင်းထဲမှာ တရုတ်တွေရော၊ ထိုင်းတွေရော ဝင်ထွက်သွားလာနေပြီး ဘာအလုပ်လုပ်ကြလဲတော့ မသိကြောင်း တာချီလိတ်ဒေသခံက ပြောပါ။
တာချီလိတ်သတင်းတပုဒ်မှာတော့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အရေအတွက်ဟာ ၁၂ သန်းခွဲလောက် ရှိမယ်လို့ ရေးသားထားပါတယ်။
Ref- MaesaiPress