ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲ တွေကြောင့် ဒေသခံရွာသားတွေဟာ မုဒုံမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မုဒုံမြို့ခံတယောက်က ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ မုဒုံမြို့နယ်ထဲက ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးတွေဆီ ထွက်ပြေး လာကြတာဖြစ်ပြီး ဧပြီ ၂၅ ရက် ညပိုင်းအထိ ဆက်တိုက်ထွက်ပြေးနေရကာ စုစုပေါင်း ၁၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
စစ်တပ်က မုဒုံ-ကြာအင်းဆိပ်ကြီးလမ်းတလျှောက်ကျေးရွာတွေမှာ ရွာသားတွေကို ပေါ်တာဆွဲ နေတာကြောင့် ရော်ဘာခြံအလုပ်သမားတွေ အခက်အခဲတွေ့နေရတယ်လို့ မုဒုံမြို့ခံ တယောက်က ပြောပါတယ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုတွင်းက ဒေသခံ ကျေးရွာသား ၃ဝ ကျော်လောက်ကို ဧပြီ ၂၅ ရက် မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဧပြီ ၂၃ ရက်နက ခလယ်-တံခွန်တိုင်ကျေးရွာအနီး ရဲစခန်းအနီးမှာ စစ်တပ်နဲ့နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။
စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံအမျိုးသမီး တယောက် သေဆုံးပြီး အမျိုးသား ၂ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
တံခွန်တိုင်ဘုန်းကြီးကျောင်းအနီးနားက အိမ်တလုံးကို လက်နက်ကြီးကျည်ထိမှန်ခဲ့တာ ဖြစ်ပါ တယ်။
ဧပြီ ၂၃ ရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ လည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၂ ရက်ကစပြီး တံခွန်တိုင်ရဲစခန်းအနီးမှာ အခြေအနေစတင်တင်းမာခဲ့ပြီး အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲတွေကြောင့် မုဒုံ၀- ခလယ်၊ တံခွန်တိုင်-ဝင်းရော်လမ်းမကြီးကို သွားလာမှု ယာယီရပ်ဆိုင်း ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။