ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ရပ်ကွက်နေပြည်သူတွေကို အဓမ္မငွေတောင်းခံနေတယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
ဧပြီ ၂၅ ရက် ညနေ ၅ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆွမ်းလောင်ဓမ္မာရုံနဲ့ မြိုင်သဇင်ဘုန်းကြီးကျောင်းလမ်းဆုံအနီး ဖြတ်သန်းသွားလာသူတွေကို တားဆီးပြီး ဆိုင်ကယ်၊ ကား နဲ့ လူတွေကိုတားဆီးစစ်ဆေးရာမှာ ဖုန်း၊ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်နဲ့ ယာဉ်လိုင်စင်တွေကို စစ်ဆေးပြီး ပါမလာသူတွေကို ငွေညစ်တောင်းခံတာတွေအပြင် ထိုးကြိတ်ကန်တာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။
အမှတ် ၂ ရပ်ကွက်မှာနေထိုင်သူတစ်ဦးက”အဲဒီအဖွဲ့က လုံခြုံရေးဆိုပြီး ဒီနားမှာလာနေတာ ၁ လလောက်ရှိပြီ။ ထင်တိုင်းကြဲနေတဲ့ လူမိုက်တွေ။ လာသမျှလူကို အကြောင်းမရှိ အကြောင်းရှာပြီး ငွေညှစ်ဖို့ပဲ သိတယ်။ ရပ်ကွက်ကနေ ဈေးသွားတဲ့သူတောင် မှတ်ပုံတင်စစ်တယ်ဆိုတော့ ကျန်တာမပြောနဲ့တော့၊ တချို့ ဆို ငွေ ၄ သိန်းအထိပေးရတာတွေ ရှိတယ်”လို့ ဆိုပါတယ်။
ဘားအံ့မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေတဲ့ နေရာဟာ အမှတ် ၂ ရပ်ကွက် ဈေးတန်းလမ်းမကြီး၊ ဆယ်အိမ်တန်းရပ်ကွက်၊ သရက်တောလမ်း၊ အမှတ် ၅ ရပ်ကွက်နဲ့ မြိုင်သဇင်ဘုန်းကြီးကျောင်း လမ်းဆုံနေရမှာဖြစ်တဲ့အတွက် အပြင်သွားလာဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြော ပါတယ်။
ပြည်နယ်ရုံးစိုက်ရာ ဘားအံမြို့မှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသလို နေ့စဉ်လူစည်းကားရာနေရာနဲ့ လမ်းဆုံလမ်းဂွတွေမှာ စစ်ဆေးနေတဲ့ကြားက ဗုံးပေါက်ကွဲမှုတွေလည်း ဖြစ်ပွားနေပါတယ်။