Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးတွင် စစ်တပ်က ဒေသခံ ၃ဝ ကျော်ကို ဖမ်းဆီးခေါ်ဆောင်
DVB
·
April 25, 2022
278732262_1075191583341114_8297612789007244772_n

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုတွင်းက  ဒေသခံကျေးရွာသား ၃ဝ ကျော်လောက်ကို ဧပြီ ၂၅ ရက် မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခလယ်တံခွန်တိုင်ကျေးရွာအနီး တောင်ညိုတောင်တန်း တောင်ခြေမှာ ရာဘာဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့ စစ်ရှောင်ရောက်ရှိနေတဲ့ရွာသားတွေကို စစ်ကောင်စီတပ်က  လမ်းပြ၊ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ခလယ်တံခွန်တိုင်ကျေးရွာသားတဦးက “ဒီနေ့မနက်ပိုင်း စစ်ကြောင်းနဲ့ လမ်းမှာတိုးပြီး ပါသွားတဲ့သူတွေရှိသလို စစ်ရှောင်လာနေတဲ့ တဲမှာတွေ့တဲ့ သူတွေကိုပါ ဖမ်းသွားတာ။ လမ်းပြအနေနဲ့ကော တိုက်ပွဲဖြစ်ရင် လူသားဒိုင်းအနေနဲ့ပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အားလုံး ၃ဝ ကျော်လောက်ရှိမယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဒေသခံကျေးရွာသားတွေ ပြန်လည်ရောက်ရှိမလာသေးတဲ့အတွက် မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေက စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီရဲ့ ပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ခလယ်တံခွန်တိုင်အပါအဝင် အနီးအနားပတ်ဝန်းကျင်က ဒေသခံပြည်သူတွေဟာ နီးစပ်ရာ ဥယျာဉ်ခြံတွေနဲ့ ရာဘာခြံလုပ်ငန်းခွင်တွေအတွင်းမှာ သွားရောက် တိမ်းရှောင်နေရတာပါ။

အဆိုပါကျေးရွာမှာ ဧပြီ ၂၃ ရက် နေ့လယ် ၁ နာရီလောက်က ခလယ်တံခွန်တိုင်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ရဲစခန်းအတွင်းကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကျေးရွာအတွင်းကိုပါ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သလို ရဲစခန်းရှေ့ကနေ ဖြတ်သန်းသွားလာနေတဲ့ ကားနဲ့ ဆိုင်ကယ်တွေကိုပါ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ယာဉ်တွေထိမှန် ပျက်စီးခဲ့ပါတယ်။

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီရဲ့ပူးပေါင်းတပ်တွေက နယ်မြေကျော်ဝင်ရောက်လာတဲ့အတွက် နယ်မြေခံ KNLA ပူးပေါင်းတွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီက လက်နက်ကြီးအပြင်၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူတွေ ထိမှန်သေဆုံးသူနဲ့ ဒဏ်ရာရှိသူတွေ ရှိပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေကို လမ်းပြ၊ လူသားဒိုင်းအနေနဲ့အသုံးပြုတာတွေအပြင် အကြမ်းဖက်ဖမ်းဆီး ပစ်သတ်ခံရသူတွေရှိတဲ့အတွက် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့  အရပ်သားပြည်သူ ၁၂၀၀၀ ကျော်ရှိတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေ ဆီကသိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024