ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ ဧပြီ ၂၁ ရက် ညနေ ၆ နာရီက စတင်ပြီး စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ ကေအန်ယူသတင်းရင်းမြစ်ဆီက သိရပါတယ်။
စစ်ကောင်စီတပ်တွေက ရသေ့ဂူ၊ လေးကေ့ကော်ဘက်ကနေ စစ်ကြောင်း ၅ ကြောင်းခွဲပြီး လက်နက်ကြီး ပစ်ကူတွေနဲ့အတူ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
KNLA တပ်ဖွဲ့ဝင် တဦးက "ညနေလောက်ကတည်းက စစ်ကြောင်း ၅ ကြောင်းခွဲပြီး တိုက်လာတာ။ လက်နက်ကြီးပစ်ကူနဲ့အတူ အတင်းတိုးလာတာ။ အခုထိတော့ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။"လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာ အဓိက က လေကြောင်းပစ်ကူပဲ စိုးရိမ်တယ်လို့ ထီးမယ်ဝါးခီးကျေးရွာ စစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။
ကေအန်ယူ တပ်မဟာ ၆ ဒူးပလာယာခရိုင် ဒေါနအရှေ့ခြမ်း လေးကေ့ကော်၊ ဝေါလေ၊ ကနဲလေးဒေသအထိ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ် တိုက်ပွဲတွေ နေရာစုံဖြစ်ပွားနေတဲ့အတွက် စစ်ကောင်စီဘက်က စစ်အင်အားတိုးပြီး တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်လာတာပါ။
လေးကေ့ကော်ဒေသ တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်စခန်းတွေကို KNLA ၊ KNDO၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူပြီးနိုင်ခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာ၊ တိုက်ပွဲတိုင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူအများအပြားရှိခဲ့သလို အရှင်ဖမ်းဆီးရမိတာ၊ လက်နက်ချအလင်းဝင်ရောက်တာ၊ တိုက်ပွဲအတွင်း CDM လုပ်ပူးပေါင်းတာတွေရှိခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲတွေကြောင့် လေးကေ့ကော်ဒေသ အနီး ကျေးရွာတွေက ဒေသခံ ၁၂၀၀၀ လောက်ဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးတစ်လျှောက် အဆင်ပြေသလို ယာယီတဲထိုးကာ နေထိုင်စားသောက်နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။